တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အနေဖြင့် လက်နက်စွန့်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုမည်ဟု အစိုးရဘက်က ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
အစိုးရက အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရန် ဖွဲ့စည်းပေးထားသော ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” နှင့် မဟာမိတ် ၃ ဖွဲ့တို့ ယခုလ ၁၈ ရက်နေ့က မိုင်းလားမြို့တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြရာတွင် အစိုးရဘက်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။
TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က “ကျနော်ကြားရတဲ့ သတင်းအရတော့ သူတို့က ကျနော်တို့ကို လက်နက်ချပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်တာတွေရပ်ဖို့ ထုတ်ပြန်ချက် ထုတ်စေချင်နေတယ်။ အဲဒါမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ကို ကျနော်တို့နဲ့ တွေဆုံဖို့ မီးစိမ်းပြပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအစည်းအဝေး ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် ထိုအစည်း အဝေးသို့ ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိသဖြင့် အသေးစိတ် မပြောနိုင်ကြောင်း မိုင်းဘုန်းကျော်က ဆိုသည်။
ယခင် အစိုးရအဖွဲ့ လက်ထက်ကလည်း မဟာမိတ် ၃ ဖွဲ့အရေးနှင့် ပတ်သက်၍ လက်နက်စွန့်ရေး လမ်းကြောင်းကိုသာ ပြောဆိုခဲ့သည်။
၃ ဖွဲ့ပေါင်း အင်အား ၁ သောင်းကျော် ရှိသည့် လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ကလည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် တခြားသော လက်နက်ကိုင် အဖွဲ့များနည်းတူ တန်းတူရည်တူ ဆောင်ရွက်ခွင့်ပေးရန် တောင်းဆိုထားပြီး လက်နက်စွန့်ရေး မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း အဆိုပါ မဟာမိတ် ၃ ဖွဲ့ကို အစိုးရနှင့် တပ်မတော်တို့က ချန်လှပ်ခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေး တပိုင်းတစ ဖြစ်ခဲ့ရသည်။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့၏ မိုင်းလား ခရီးစဉ်တွင် မဟာမိတ် ၃ ဖွဲ့အပြင် “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး UWSA နှင့် NDAA တို့ကလည်း မဟာမိတ် ၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်း ပြောဆိုခဲ့သည်ဟု သိရသည်။
UWSA နှင့် NDAA တို့ကို အစိုးရကိုယ်စားလှယ်အဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံသို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး UWSA နှင့် NDAA တို့ကလည်း အဆိုပါညီလာခံကို ထောက်ခံကြိုဆိုကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အကြီးဆုံး အဖွဲ့တခုဖြစ်သော UWSA နှင့် တွေ့ဆုံရာတွင် ထိုင်းနယ်စပ်ရှိ UWSA တပ်စခန်းများ ဆုတ်ခွာပေးရေးကို ထည့်သွင်း ဆွေးနွေးခဲ့သော်လည်း UWSA က ၎င်းတို့အနေဖြင့် အဆိုပါ နေရာများတွင် စစ်အစိုးရ လက်ထက်ကတည်းက နေထိုင်ခွင့် တရားဝင် ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်ဟု ဆိုသည်။