သတင်း

ဒေသခံကို ရိုက်နှက်ခဲ့မှု တပ်မတော် ပြန်လည်တောင်းပန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာ ဒေသခံတဦးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်ဟု သံသယရှိပြီး ရိုက်နှက်ခဲ့သည့်အပေါ် တပ်မတော်က ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ဆိုင်းခေါင်းကျေးရွာအနီး ဒေသခံဖြစ်သူ ဦးစိုင်းစံညွန့် နွားကျောင်းနေစဉ် တပ်မတော်သားများကို တွေ့မြင်ပြီး ကြောက်လန့် ထွက်ပြေးကြောင်း၊ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို သတင်းပေးသူဟု အထင်မှားကာ ဖမ်းဆီးပြီးရိုက်နှက်ခဲ့သည့်အပေါ် တပ်မတော်က ပြန်လည်တောင်းပန်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စတွင် လိုက်လံ ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက “တပ်ကိုယ်တိုင်က ဝန်ခံတယ်ဆိုတော့ ၃၂၄ တပ်ရင်းလို့ ပြောလို့ရပါတယ်။ ဇွန် ၁၉ ရက်၊ ၁၂ နာရီမှာ တပ်ရင်းမှူး အပါအဝင် တပ်က ၃ ယောက် ရိုက်နှက်ခံရတဲ့ မိသားစုအိမ်ကိုသွားပြီး တောင်းပန်ခဲ့ပါတယ်” ဟု ပြောသည်။

ခလရ ၃၂၄ တပ်ရင်းက ရိုက်နှက်ခံရသည့် မိသားစုများကို ဆန်တအိတ်၊ ကုလားပဲ၊ သကြားနှင့် နို့ဆီများ သွားရောက် ထောက်ပံ့ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဦးစိုင်းစံညွန့်၏ ဒဏ်ရာ မပြင်းထန်ကြောင်း၊ ဒေသခံများကို မသင်္ကာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ခေါ်ယူပြီး တပ်မတော်က မေးမြန်းသင့်ကြောင်း ဒေါ်နန်းခမ်းအေးက ဆိုသည်။

အဆိုပါနယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ပလောင် (တအောင်း) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရတပ်မတော်တို့၏ တပ်စခန်းများတည်ရှိပြီး ထိုအဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာဒေသအနီး နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်ဟု မကြာခဏစွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရသဖြင့် ဦးစိုင်းစံညွန့်က ကြောက်ရွံ့ပြီး ထွက်ပြေးရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

အလားတူ သီပေါမြို့နယ်အတွင်း နေရပ်ပြန် စစ်ဘေးရှောင် ဒုက္ခသည်များကို ကျေးရွာအတွင်းရှိ အစိုးရစစ်ကြောင်းများက ဖမ်းဆီးစစ်ဆေးခြင်း မပြုလုပ်ရန် စစ်ကြောင်းမှူးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သီပေါမြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက အစိုးရ တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပန်လော့ကျေးရွာ အနီးနှင့် ဝိုးလုံကျေးရွာ အနီးတွင် မီးရှို့ခံထားရသည့် အလောင်း ၇ လောင်းကို မေလ ၂၀ ရက်က တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသသို့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မှတ်တမ်းများကို သေချာစွာလေ့လာပြီး ကုလသမဂ္ဂသို့ အစီရင်ခံစာ ပြန်လည် တင်သွင်းသွားမည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ သွားရောက်မည့် အစီအစဉ်အား လုံခြုံရေးအရ သွားရောက်ခွင့်မပြုကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading