အမျိုးဘာသာ၊ သာသနာအတွက် ရည်ရွယ်ပြီး ဓမ္မစေတီခေါင်းလောင်း တူးဖော်ရေးကို ထပ်မံ ကြိုးပမ်းမည် ဖြစ်ကြောင်း ဦးစံလင်းက မီဒီယာများကို ပြောဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ ယခုနှစ် မေလအတွင်းက ပထမအကြိမ် တင်ပြခဲ့သည်ကို အစိုးရအဖွဲ့က ခွင့်မပြုခဲ့သည့်အတွက် ယခုဇွန်လထဲတွင် ထပ်မံတင်ပြ တောင်းဆိုထားကြောင်း ဦးစံလင်းက ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ခွင့်ပြုရင် သြဂုတ်လအတွင်း ဖော်မယ်။ ခွင့်မပြုရင်တော့ မလုပ်ဘူးပေါ့။ ကျနော် လုပ်နေတာက အမျိုးဘာသာ၊ သာသနာအတွက် လုပ်နေတာပါ” ဟု ဦးစံလင်းက ဆိုသည်။
၂၀၁၄ ခုနှစ်အတွင်း ဦးစံလင်း ဦးဆောင်သည့်အဖွဲ့က ဓမ္မစေတီခေါင်းလောင်း တူးဖော်ရေးလုပ်ကိုင်ရာတွင် ရဟန်းရှင်လူ၊ ပြည်သူများ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀၀ ခန့် ရရှိခဲ့ပြီး ယခုအခါ ကျပ်သိန်း ၅၀၀ ကျော် ကျန်ရှိသေးကြောင်း ၎င်းက ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေတူးဖော်ရေး အတွက် အလှူရှင်များက လှူဒါန်းခဲ့သည့် ငွေများနှင့် ပတ်သက်၍ တရားဝင် စာရင်းရှင်းလင်းရန် မရှိကြောင်း ဦးစံလင်းက ဆိုသည်။
“အရင်ကငွေကို ကျနော် ကိုင်တာ မဟုတ်တော့ မသိဘူး။ အခုသိန်း ၅၀၀ ကျော် ပိုတယ်ဆိုပြီး ပြန်ပေးထားတာကို ကျနော်နာမည်နဲ့ ကမ္ဘောဇဘဏ်မှာ စာရင်းဖွင့်ထားတယ်” ဟု ၎င်းက ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေတူးဖော်မှုကို ဦးစံလင်းအပြင် ဦးကျော်ဝင်း ဆိုသူကပါ ၂၀၁၅ ခုနှစ်အတွင်း တူးဖော် ရှာဖွေခဲ့သော်လည်း ခေါင်းလောင်းနှင့် ပတ်သက်သည့် သက်သေ အခိုင်အမာကို ပြသနိုင်ခြင်း မရှိခဲ့ပေ။
ဆက်စပ်သတင်းများ
ခေါင်းလောင်းရှိ မရှိ မသိဟု ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့က ပြောဆို
ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု နတ်စင်တရာ ဆရာတော် ရှင်းလင်းမည်
ဓမ္မစေတီ ခေါင်းလောင်း ရှိ၊ မရှိ သမိုင်း အထောက် အထားများ မတွေ့ဟု ယဉ်ကျေးမှုဝန်ကြီး ပြော
လူတွေကို ဖမ်းစားသွားတဲ့ ဓမ္မစေတီ ခေါင်းလောင်း ဇာတ်လမ်း
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေး ထပ်မံကြိုးစားမည့် ဦးကျော်ဝင်းနှင့် အင်တာဗျူး