မြန်မာပြည်သို့ လတ်တလော ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံအတွင်း ဒုက္ခသည် စခန်းများ ရှိရာ ပြည်နယ်များ ဖြစ်သည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များကို သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
လာမည့် ဇွန်လ ၂၂ ရက်တွင် ရခိုင်ပြည်နယ် ခရီးစဉ်ကို သွားရန် စီစဉ်ထားပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် ခရီးအစီအစဉ်နှင့် ပတ်သတ်ပြီး သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
“ လက်ရှိတော့ ရခိုင်ပြည်နယ်မှာ အစိုးရအဖွဲ့နဲ့ တွေ့မယ်။ UN အစီအစဉ်နဲ့ သွားမယ်။ နောက်ပြီး ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို တွေ့ဆုံသွားမယ်လို့ သိထားတယ်။ ဒုက္ခသည် စခန်းတွေ သွားဖို့ အခြေအနေကတော့ စစ်တွေအနီးက ဒုက္ခသည်စခန်းတွေကိုပဲ သွားဖြစ်ဖို့ များပါတယ်။ ရာသီဥတုအခြေအနေနဲ့ လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး အစီအစဉ်က ပြောင်းသွားနိုင်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
ယနေ့ ဇွန်လ ၂၁ ရက်တွင် မစ္စယန်ဟီးလီသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကုလသမဂ္ဂ ဖံ့ွဖြိုးတိုးတက်ရေး အစီအစဉ် UNDP ရုံး၌ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။
အစိုးရသစ် လက်ထက် လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည့် အခြေအနေများကို ယခု ခရီးစဉ်တွင် မေးမြန်းပြီး လက်တွေ အကောင်အထည် မည်မျှ ဖော်နိုင်သည် ဆိုသည့်အခြေအနေများကို မစ္စယန်ဟီးလီက သူ့တာဝန်မကုန်ဆုံး ခင်အထိ လေ့လာစောင့်ကြည့်သွားမည်ဟု အသိပေးပြောကြားခဲ့ကြောင်း စုံစမ်းသိရသည်။
“သူ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ တာဝန်ပေးထားတာ ရှိပါတယ်။ မြန်မာနိုင်ငံအစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို လေးစားလိုက်နာဖို့ လုပ်ဆောင်မယ်ဆိုရင် ဘယ်အချက်တွေ လုပ်ဆောင်မလဲ။ ဘယ်လိုတိုင်းတာမှုနဲ့ တိုင်းတာမလဲဆိုတာကို ပြင်ဆင်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ သူ့အနေနဲ့ ကျနော်တို့နဲ့ တွေ့ပြီးတော့ ဘယ်အချက်တွေက အစိုးရသစ် အနေနဲ့ လုပ်ဆောင်သင့်လဲ ဆိုတဲ့အချက်တွေကို ဆွေးနွေးပြီး အကြံဉာဏ်တွေ ယူပါတယ်။ နောက်ပြီး ကျနော်တို့ ပြောတဲ့အချက်တွေ၊ သူ့ရဲ့ သုံးသပ်ချက်တွေထုတ်ပြီး အစိုးရနဲ့ တွေ့ဆုံဖို့ ရှိပါတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ညီမျှခြင်း မြန်မာ လူ့အခွင့်အရေး အဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုသည်။
ဦးအောင်မျိုးမင်း၏ ပြောကြားချက်များအရ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ပြုပြင်ပြောင်းလဲရေးကို ကတိပေးပြီး အစိုးရ ဖြစ်လာသည့် NLD အစိုးရ၏ လူ့အခွင့်အရေး ဖော်ဆောင်မှုအပေါ် လေ့လာပြင်ဆင်မှုများ ပြုလုပ်ပြီး သူ့တာဝန်မကုန်ဆုံးမီ ၂၀၁၇ ခုနှစ် မတ်လတွင် အစိုးရသစ်နှင့် ပြန်လည်ဆွေးနွေးသွားမည်ဟု ပြောဆိုသွားကြောင်း သိရသည်။
မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့တွင် ရောက်ရှိလာပြီး ဇူလိုင် ၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ၁၃ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများ အစီရင်ခံစာ ရေးသားနိုင်ရန် လေ့လာစောင့်ကြည့်သွားမည် ဖြစ်သည်။
ဇွန်လ ၂၀ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် မစ္စယန်ဟီးလီ တွေ့ဆုံခဲ့သည်။
ယင်းတွေဆုံမှုတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များ အရေး ဆွေးနွေးပြီး အငြင်းပွားဖွယ် ဖြစ်စေနိုင်သည့် အသုံးအနှုန်းများ မသုံးနှုန်းရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပနေသည့် ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် လာမည့် ဇွန် ၂၉ ရက်နေ့တွင် တရားဝင် တင်သွင်းမည့် အစီရင်ခံစာထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ကြသည့် မွတ်ဆလင်များအပေါ် ခွဲခြားကန့်သတ် ဖိနှိပ်မှုများနှင့်ပတ်သက်ပြီး ထည့်သွင်း ရေးသားထားပြီး “အကျဉ်းရုံး သတ်ဖြတ်မှုနှင့် ညှင်းဆဲမှုများ”က “လူသားများအပေါ် ရာဇဝတ်မှု ကျူးလွန်မှု”အဆင့်သို့ ရောက်နိုင်ကြောင်း ကောက်ချက်ချထားကြောင်း သိရသည်။
ယင်းသို့ စွပ်စွဲမှုများကို မြန်မာအစိုးရ အဆက်ဆက် ပယ်ချခဲ့ပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အမှန်တကယ်ဖြစ်နေသည်ထက် ပိုပြီး အကျယ်မချဲ့ရန်လည်း အင်တာဗျူးများတွင် ပြောဆိုခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးစီးသော အစိုးရသစ်က အစိုးရဟောင်းများအတိုင်း “ဘင်္ဂလီ”ဟု ခေါ်ဆိုခြင်း မပြုတော့ဘဲ “နိုင်ငံမဲ့ မွတ်ဆလင်များ” သို့မဟုတ် “ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များ”ဟု ပြဿနာကို ဖြေရှင်းပြေလည်စေလိုသော စိတ်ဆန္ဒကို ပြသလိုသော သဘောဖြင့် ပြောင်းလဲခေါ်ဆိုလာသည်။
သို့သော် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကမူ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအယူအဆများအရ လူ့အသိုင်းအဝိုင်းတခုသည် မိမိတို့ ဆန္ဒရှိသည့်အတိုင်း ခေါ်ဆိုပိုင်ခွင့်ကို အလေးထားသောကြောင့် “ရိုဟင်ဂျာ”ဟုသာ ဆက်လက်ခေါ်ဆိုမည်ဖြစ်ကြောင်း ပြောဆိုနေခဲ့ကြသည်။
“ မစ္စယန်ဟီးလီ အနေနဲ့ ဒီလို အငြင်းပွားဖွယ် အသုံးအနှုန်းအပေါ် ဘယ်လို သုံးမလဲဆိုတာ သူ မပြန်ခင် လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ စောင့်ကြည့်ရမှာပါ” ဟု ဦးအောင်မျိုးမင်းက သူ့အမြင်သဘောထားကို ပြောကြားသည်။