ယခင် သီတင်းပတ်က ရန်ကုန်၌ ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ကချင်ပြည်နယ်၊ ဖားကန့်၌ ပြီးခဲ့သည့် နှစ်အတွင်း မြေပြိုမှုများကြောင့် ကျောက်ရှာဖွေသူ အများအပြား သေဆုံးခဲ့ရသည့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ရုပ်ရှင်ကားက ဆု ၁၀ ဆုတွင် ၂ ဆု ရရှိခဲ့ကြောင်း သိရသည်။
ကိုဂျက်၊ ထက်အောင်စံနှင့် ဖြိုးဇေယျာကျော်တို့ ရိုက်ကူးသည့် “မှော်” အမည်ရှိ မိနစ် ၃၀ စာ ဇာတ်ကားက ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ဆု နှင့် ဟံသာဝတီ ဦးဝင်းတင် ဆုတို့ကို ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့ ကို ရည်စူး၍ ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်း ဖြစ်သည်။
ရုပ်ရှင် ရိုက်ကူးသူ ကိုဂျက်က “မှော်” ဇာတ်ကားသည် ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနောက်ကွယ်တွင် ရှိနေသည့် လူသားတို့၏ ဝမ်းနည်းဖွယ်ရာ ကံတရားများဖြစ်သော ကျောက်တူးသမားများ သေဆုံးခြင်း၊ မိသားစုများအတွက် ဖခင် နှင့် ဝင်ငွေ ဆုံးရှုံးရခြင်း နှင့် ကာကွယ်မှုများ မရှိသည့်အတွက် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နစ်နာရခြင်းများကို မီးမောင်းထိုး ပြထားခြင်း ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
“ကျောက်တူးတာကို အလွန်အကျွံ မလုပ်သင့်ပါဘူး။ အထိန်းအကွပ်မဲ့ ငွေရှာတာက သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပါတယ်” ဟု ကိုဂျက်က ပြောသည်။
ယခုနှစ်တွင် ပြည်တွင်းမှ မှတ်တမ်းတင် ရုပ်ရှင် ၈ ကား နှင့် နိုင်ငံခြားမှ ၂ ကား ဆုရရှိခဲ့သည်။ ဆုအသစ် ၂ ခုဖြစ်သည့် အမေရိကန် အစိုးရ အသံလွှင့်ဌာန Voice of America ၏ VOA ဆု နှင့် Gender Equality ဆု တို့လည်း ပါဝင်ခဲ့သည်။
မိသားစုကို ရှာဖွေကျွေးမွေးနေသော ကျေးလက်ဒေသမှ မသန်စွမ်းသူ တယောက်၏ အခက်အခဲများကို ရိုက်ကူးထားသော ဒါရိုက်တာ နွေးဇာခြည်စိုး၏ “ရိုးမြေကျ” ဇာတ်ကားက VOA ဆုကို ရရှိခဲ့သည်။
Gender Equality ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်သော မှတ်တမ်းတင် ဇာတ်ကား ၄ ခုထဲတွင် ဒါရိုက်တာ မေရီနှင့် ရူပါမိုမိုတို့၏ “သေနတ်တလက်နဲ့ မိန်းမ” ဇာတ်ကားက ဆုရ ရှိခဲ့သည်။ ကချင်ပြည်နယ် ပူတာအိုမှ သေနတ်ပစ်ရာတွင် ပါရမီထူးချွန်သော ရဝမ်တိုင်းရင်းသူ တယောက်၏ ဇာတ်လမ်း ဖြစ်သည်။
“အမျိုးသမီး တယောက်ကလည်း အမျိုးသား တယောက်လိုပဲ စွမ်းဆောင်နိုင်တယ် ဆိုတာကို ကျမက ပြချင်ပါတယ်။ သူ့ကို အမျိုးသားတွေထက် နိမ့်တဲ့နေရာ ပေးထားတယ်။ ဘာကြောင့်လဲ ဆိုတော့သူက အမျိုးသမီးတယောက် ဖြစ်နေလို့ သူ့ကို တန်ဖိုး မထားကြဘူး” ဟု မေရီက ပြောသည်။
“ကျမရဲ့ ပထမဆုံး မှတ်တမ်းတင်ဇာတ်ကား ၂ ခုက ဆုရတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ် ‘သေနတ်တလက်နဲ့ မိန်းမ’ အတွက်ရောပေါ့” ဟု သူက ထပ်ပြောသည်။
၄ ကြိမ်မြောက်ကျင်းပသည့် ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ မှတ်တမ်းတင်ရုပ်ရှင် ၄၂ ကားနှင့် နိုင်ငံခြားမှ ၂၅ ကားကို ဇွန်လ ၁၄ ရက်မှ ၁၉ ရက်အတွင်း ရန်ကုန်မြို့ရှိ နေပြည်တော်၊ Junction Square နှင့် Junction Mawtin ရုပ် ရှင်ရုံများတွင် အခမဲ့ပြသခဲ့သည်။
မင်းကိုနိုင် ဆုကို ရရှိခဲ့သည့် မျက်နှာဖုံး (The Mask) ဇာတ်ကားမှာ ရုပ်ရှင်ပွဲတော် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သည့်အတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့ချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ရသည့် သီပေါစောဘွား နှင့် ဇနီးသည် သြစတြီးယားနိုင်ငံသူ၏ ဇာတ်လမ်းကို ရိုက်ကူးထားသော “Twilight Over Burma” ဇာတ်ကားကို ဖွင့်ပွဲတွင် ပြသရန် ဖြစ်သော်လည်း ဆင်ဆာအဖွဲ့က ခွင့်မပြုသည့်အတွက် မပြသနိုင်ခဲ့ပါ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်၍ ဖြစ်သည်ဟု သူတို့က အကြောင်းပြခဲ့သည်။
ရုပ်ရှင်ပွဲတော်၏ Facebook စာမျက်နှာတွင် စီစဉ်သူများက အဆိုပါ ရုပ်ရှင်ကို မပြသနိုင်ခဲ့ခြင်းအတွက် တောင်းပန်ခဲ့သည်။ “ကျနော်တို့ရဲ့ ရည်ရွယ်ချက်တာဝန်က ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့ အစည်းတခုပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး” ဟု စီစဉ်သူများက ရေးသားခဲ့သည်။