ကွန်ပျူတာ ကီးဘုတ်မှ ခလုတ်များကို သူ၏ လက်ချောင်းလေးများဖြင့် ထိတွေ့ကာ စာရိုက်နေသည်။ ယင်းကဲ့သို့ စာရိုက်နေရခြင်းကိုလည်း သူပျော်နေပုံရသည်။ ကွန်ပျုတာထက်တွင် စာလုံးများ ပေါ်လာတိုင်း သူ၏ ကြိုးစား အားထုတ်မှုအပေါ် ကျေနပ်အားရကာ သူ့မျက်နှာမှာ ပြုံးသွားလေ့ရှိသည်။
“ကိုယ်တိုင်က သာမန်လူတွေလို မဟုတ်တော့ ပိုပြီး ကြိုးစားရတယ်။ သူများကြိုးစားတာထက် အများကြီး ပိုပြီး ကြိုးစားမှလည်း ဖြစ်ချင်တာတွေ ဖြစ်ရမယ်လို့ နားလည်ထားတယ်” ဟု သူက ရှင်းပြသည်။
သူ့နာမည်မှာ မသြောင်မေဆန်းဖြစ်ပြီး မွေးရာပါ လက်နှစ်ဖက် မဖွံ့ဖြိုးသူ ဖြစ်သည်။ သူ၏ ဇာတိမှာ မိတ္ထီလာမြို့မှ ဖြစ်ပြီး သူ့အသက် ၆ နှစ်တွင် မိဘ ၂ ဦး သေဆုံးသွားပြီးနောက် လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသမီးလေးများ သင်တန်းကျောင်းသို့ ရောက်ရှိလာသူ ဖြစ်သည်။
အဆိုပါ ဂေဟာတွင် ၁၀ နှစ်ခန့် နေထိုင်ရင်း ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျရှုံးခဲ့ရာ စိတ်ဓာတ်မကျဘဲ ၂၀၁၃ ခုနှစ်တွင် ထပ်မံဖြေဆိုခဲ့သည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်ပေါင်း ၃၃၂ မှတ်ဖြင့် အောင်မြင်ခဲ့ပြီး ဒဂုံတက္ကသိုလ်၊ အဝေးသင်ဌာနတွင် အင်္ဂလိပ်စာမေဂျာ ဝင်ခွင့်ရခဲ့ရာ လက်ရှိတွင် ဒုတိယနှစ် တက်နေသည်ဟု သိရသည်။
“နိုင်ငံခြား ဘာသာစကားကို သဘောကျတယ်။ ဧည့်လမ်းညွှန် ဖြစ်ချင်တယ်။ ဝါသနာလည်း ပါတယ်။ အင်္ဂလိပ် သီချင်းတွေကို လေယူလေသိမ်း ကောင်းအောင် လိုက်ပြီး အတုခိုးပြီး ဆိုဖြစ်တယ်။ ဇာတ်လမ်းတွေလည်း ဘာသာပြန်တာတွေ လုပ်ဖြစ်တယ်။ သီချင်းတွေကိုလည်း ကူးထားပြီး လိုက်ဆို၊ လိုက်ရေးတာမျိုး လုပ်ဖြစ်တယ်” ဟု မသြောင်မေဆန်း ရှင်းပြသည်။
ဆက်လက်၍ သူက “သူများ မသိတာတွေကို ပြန်ပြီး ရှင်းပြရတာမျိုးကို သဘောကျတယ်။ Tour Guide တယောက်ဖြစ်ဖို့ အချိန်ပြည့်တော့ ကြိုးစားရမယ်။ သူများထက်ပိုပြီး ကြိုးစားရမယ်လို့ ထင်တယ်။ ကိုယ်က တခြားသူတွေလို မဟုတ်ဘူးလေ။ ပြီးတော့ Tour Guide မဖြစ်ခင် စပ်ကြားမှာ အလုပ်လုပ်ချင်တယ်။ ဘွဲ့ရပြီးလို့ ကျောင်းက ထွက်သွားရပြီဆိုရင် အလုပ်တခုခု ရှိမှ ဖြစ်မှာလေ” ဟု ပြောပြသည်။
အဆိုပါ သင်တန်းကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ထားသည့် အမျိုးသမီးငယ်များကို အသက် ၁၈ နှစ် ပြည့်ပြီးပါက ဂေဟာတွင် ဆက်လက် ခေါ်မထားတော့ကြောင်း သိရသည်။
မသြောင်မေဆန်းသည် ၂၀၁၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် Asia Para Games တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ် စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် Para Games တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြေးတံဆိပ် ရရှိခဲ့သည်။
လက်ရှိတွင် မသြောင်မေဆန်းကို မသန်စွမ်းသူများ ရှေ့ဆောင်ကွန်ရက်က ကွန်ပျုတာ အခြေခံသင်တန်း သင်ကြားပေးလျက်ရှိရာ စာစီစာရိုက်လည်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“စာရိုက်တဲ့အခါ တော်တော်လေး နှေးနေသေးတယ်လို့ ခံစားရတယ်။ လေ့ကျင့်တာတော့ ပုံမှန်လေ့ကျင့်နေတယ်။ သင်တာလည်း ၃ လလောက်တော့ ရှိပြီ။ အင်္ဂလိပ်စာ သင်တန်းတွေလည်း ဆက်ပြီး တက်ချင်တဲ့ ဆန္ဒရှိတယ်” ဟု ရှင်းပြသည်။
သူ့တွင် ရည်ရွယ်ချက်တခုသာ ရှိသည်ဟု ပြောပြသည်။ “ကျမ Tour Guide ဖြစ်ချင်တယ်။ အဲဒီဆန္ဒတခုပဲ ရှိတယ်” ဟု ဆိုသည်။