ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ၊ ပန်ဂျရော့ပ်ကျေးရွာအုပ်စု၊ နားတုံရွာ အုပ်ချုပ်ရေးမှူး နှင့် ဒေသခံတောင်သူ ၄၇ ဦးကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဇွန်လ ၂၁ ရက်နေ့ ည ၁၂ ခန့်တွင် လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ပန်ဂျရော့ပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ၎င်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားလုံးကို ငွေကျပ် ၇ သိန်းကျော်ဖြင့် ပြန်ရွေးရန် ယနေ့နံနက်ပိုင်းက ဖုန်းဆက် ပြောကြားလာကြောင်း ပန်ဂျရော့ပ်ကျေးရွာ ရပ်မိရပ်ဖတဦးက ဧရာဝတီသို့ပြောသည်။
“ဒီမနက် ၇ နာရီလောက်က အဖမ်းခံရတဲ့ အုပ်ချုပ်ရေးမှူးက ဖုန်းပြန်ဆက်တာ၊ သူတို့ကို ( KIA ) ကဖမ်းထားတယ်၊ ပိုက်ဆံနဲ့လာပြန်ရွေးရမယ်တဲ့၊ အခုတောထဲမှာလို့ပြောတယ်။ ကျနော်တို့ ဘာဆက်လုပ်ရမလဲ မသိသေးဘူး၊ ဖုန်းလည်းပြန်ဆက်လို့မရသေးဘူး”ဟု ၎င်းက ပြောသည်။
KIA က ဖမ်းဆီးသည်ဆိုခြင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပါ။
တောင်သူများမှာ နားတုံကျေးရွာတွင် ပြောင်းပင် စိုက်ပျိုးသည့် ပလောင်တိုင်းရင်းသားများ ဖြစ်ကြပြီး အုပ်ချုပ်ရေးမှူး အပြင် အလုပ်သမားနှင့် ပိုင်ရှင် စုစုပေါင်း အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂၉ ဦးပါဝင်ကြောင်း သိရသည်။
ယင်းသို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ နမ့်ဖက်ကာ ရဲစခန်းမှ တာဝန်ရှိသူများက လာရောက်မေးမြန်း စုံစမ်းမှုများ လည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ထားခြင်းနှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ၎င်းအနေဖြင့် ဖမ်းဆီးမှုကို မသိကြောင်း၊ ဒေသခံများကလည်း အကြောင်းကြားမှု မရှိကြောင်း ဧရာဝတီသို့ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့ ညက ၎င်းကျေးရွာအနီးရှိ လမ်းမပေါ်တွင် မီးသွေးကား ပျက်နေ၍ ကားကို စောင့်အိပ်နေသည့် ပန်ဂျရော့ပ်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုအိုက်ယိုင်နီကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားခဲ့ရာ ကျပ် ၁၀ သိန်း ဖြင့်ပြန် ရွေးခိုင်းခဲ့ကြောင်း ၊ နောက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း ကာယကံရှင်က ရှင်းပြသည်။