သတင်း

သေနတ်မှန် သေဆုံး ကချင်ကျောင်းသား အမှု အရပ်ဘက် တရားရုံးတွင် စစ်ဆေးခွင့်ရရန် ကြိုးပမ်း

This article has been converted from Zawgyi One to Unicode

တပ်မတော်သား တဦး၏ သေနတ် ကျည်ဆန်ဖြင့် ထိမှန်သေဆုံးသွားသည့် မြစ်ကြီးနား ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား ဂွမ်ဆိုင်းအောင် အမှုကို အရပ်ဘက် တရားရုံးတွင် စစ်ဆေးခွင့် ရနိုင်ရန် ကော်မရှင် တရပ်ဖွဲ့၍ ကြိုးပမ်း သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ကော်မရှင်တွင် ကချင်အရပ်ဘက် အဖွဲ့အစည်းများ၊ ကချင် တိုင်းရင်းသား ရပ်မိရပ်ဖ များနှင့် ဥပဒေ ပညာရှင်များ ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် ဖွဲ့စည်းရန် ဆွေးနွေးနေသည်ဟု ကချင်လူငယ် ခေါင်းဆောင် တဦးဖြစ်သူ ကိုယိန်းကျန်းက ဧရာဝတီ ကို ပြောသည်။

၎င်းတို့ အနေဖြင့် ဂွမ်ဆိုင်းအောင် သေဆုံးမှုတွင် မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းမှ ထုတ်ပြန် ပြောဆိုချက်များသည် မှားယွင်းသည့် အချက်များ ရှိနေသဖြင့် သေနတ် ကိုင်ဆောင်သော တပ်မတော်သား မောင်မောင် ဆိုသူကို လူသတ်မှု ဖြင့် အရပ်ဘက် တရားရုံးတွင် စစ်ဆေးပေးစေလိုခြင်း ဖြစ်သည်ဟုလည်း ကိုယိန်းကျန်းက ပြောပြသည်။

၎င်းက ဆက်လက်၍“စစ်သားဆိုတာ လူတွေ အားလုံးကြောက်တယ်။ သေနတ်လုတယ် ဆိုတာ မဖြစ်နိုင်ဘူး။ တွေ့တဲ့သူတွေ ပြောတာ က စစ်သားက မပစ်ခင် မောင်းတင်လိုက်တာ တွေ့တယ်လို့ ပြောကြတယ်“ဟု ပြောသည်။

မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းမှ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သား နှစ်ဦးကို ကျောင်းသား ၈ ဦးမှ ဝိုင်းဝန်း ရိုက်နှက်ပြီး သေနတ် လုယက်ခဲ့သဖြင့် တပ်မတော်သား မောင်မောင် က ဂွမ်ဆိုင်းအောင်ကို ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ရဲစခန်းမှ လူသေမှု ပုဒ်မ ၃၀၄ ဖြင့် တရားစွဲဆိုထားသည့် တပ်မတော်သား မောင်မောင် သည် တပ်မတော်မှ ပြန်လည် ခေါ်ဆောင်သွားပြီး တပ်တွင်း တရားစီရင်မည်ဟု သိရသည်။

ဂွမ်ဆိုင်းအောင် အမှုအား လိုက်ပါ ဆောင်ရွက်နေသည့် ကချင်အဖွဲ့အစည်းများနှင့် ရှေ့နေများကမူ ရဲစခန်း ၏ ထုတ်ပြန် ချက်သည် မမှန်ကန်ကြောင်း၊ ဂွမ်ဆိုင်းအောင်သည် သေနတ်လုသည်ဟူသည့် အပြုအမူမျိုး မတွေ့ရကြောင်း၊ ၎င်းတို့ ထံ တွင် ပြန်လည် ချေပနိုင်သည့် သက်သေများ ရှိပြီး အရပ်ဘက် တရားရုံးတွင်သာ သက်သေများကို ထုတ်ဖော် ပြောဆိုသွား မည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

အမှုတွင် သေဆုံးသူဘက်မှ လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးခွန်နောင်က ကွန်ပျူတာ တက္ကသိုလ် သို့ သွားရောက်ပြီး ဂွမ်ဆိုင်းအောင်၏ ဆရာမများထံတွင် ကျောင်းသား၏ ကျောင်းတွင်း လုပ်ဆောင်ချက်များကို မေးမြန်းပြီး မှတ်တမ်းများ ယူထားသည် ဟု သိရသည်။

“ဆရာမတွေဆီ မှတ်ချက်ရတာကတော့ ဒီကလေးတွေက သေနတ်လုတဲ့ ဉာဏ်တုံးတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး ဆိုတာပဲ။ ကျနော်တို့ လက်လှမ်းမီသလောက် မေးမြန်းတာလည်း သူတို့အနေနဲ့ လုတယ်ဆိုတာ လုံး၀ မရှိဘူး “ ဟုလည်း ဦးခွန်နောင်ကပြောသည်။

အမှုဖြစ်ပွားခဲ့သည့် သီတာလမ်းအတွင်း နေထိုင်ကြသူများသည် သေနတ်ပစ်သံ ၃ ချက် ကြားသည်ဟု ထွက်ဆိုချက်များ ရှိထားပြီး ဂွမ်ဆိုင်းအောင်၏ အလောင်း ပခုံးအောက်နားနှင့် ချိုင်း အကြားတွင် ပေါက်ထွက် သေနတ်ဒဏ်ရာ တချက် နှင့် လက်မောင်းတွင် တချက် တွေ့ရသည်ဟု သိရသည်။

မြစ်ကြီးနား ဆေးရုံတွင် မှုခင်းဆေးဆရာဝန်ထံမှ ရရှိသည့် အချက်အလက်အပြင် ပြင်ပမှ တတ်ကျွမ်းသူများ ထံမှလည်း အကူအညီများ ရယူသွားမည်ဟု ဦးခွန်နောင်က ဆိုသည်။

အရပ်ဘက်တရားရုံးတွင် တရားစီရင်ခွင့် ရရန် အချက်အလက်၊ အထောက်အထား ခိုင်လုံမှု အရေး ကြီးသည်ဟုလည်း ဦးခွန်နောင်က ပြောသည်။

လက်ရှိတွင် ကချင်အရပ်ဘက် အဖွဲ့အစည်းများ ၊ ကချင် လူငယ်များ ၊ ကချင် တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် ဥပဒေ ပညာရှင်များက ဂွမ်ဆိုင်းအောင်အမှုကို လူသေမှုဟု သတ်မှတ်ထားရာမှ လူသတ်မှု အဖြစ် အရပ်ဘက် တရားရုံးတွင် ဖြေရှင်းနိုင်ရန် အချက်အလက်များ လိုက်လံ စုဆောင်းနေကြောင်း၊ တပ်မတော်ဘက်က ဆောင်ရွက်မည့် အခြေအနေကို လည်း စောင့်ကြည့် ဦးမည် ဖြစ်ကြောင်း သိရသည်။

ကိုယိန်းကျန်းက “ရှေ့ဆက်ပြီး တရားမျှတတဲ့ အဖြေထွက်မလာဘူးဆိုရင် တက္ကသိုလ် ကျောင်းသားတွေနဲ့ ဒေသခံ ပြည်သူ တွေ ပေါင်းပြီးတော့ လူထုအင်အားနဲ့ ဆန္ဒပြတာတွေ ဆက်လုပ်သွားဖို့ ရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် ဂွမ်ဆိုင်းအောင်၏ အလောင်းကို မြစ်ကြီးနားမြို့ ကျွန်းပင်သာ ရပ်ကွက်ရှိ နေအိမ်တွင်ထားပြီး ဇွန်လ ၂၃ ရက် တွင် နောင်နန်းကျေးရွာရှိ ကချင ်ခရစ္စယာန် သုသာန်တွင် သဂြိုဟ်မည်ဟု သိရသည်။

ဇွန်လ ၂၀ ရက် ည ၉ နာရီ ဝန်းကျင်က ဗလမင်းထင်တံတားဂိတ်တွင် လုံခြုံရေး တာဝန်ကျနေသည့် တပ်သား ၂ဦး ထံသို့ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး က ၎င်းတို့ကို လူငယ်တစုက နှောင့်ယှက်နေ၍ ရပ်ကွက်အတွင်းသို့ လိုက်ပို့ပေးရန် အကူအညီ လာတောင်းသဖြင့် လိုက်ပို့ခဲ့ပြီးအပြန်တွင် ဂွမ်ဆိုင်းအောင် အပါအဝင် လူငယ် ၈ဦးက ဝိုင်းဝန်းထိုးနှက်ခဲ့သည် ဟု ရဲစခန်းက ပြောဆိုသည်။

ထိုသို့ ထိုးနှက်ပြီး တပ်သားမောင်မောင် ကိုင်ဆောင်ထားသည့် သေနတ်အား လုယူရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်း တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။

အခင်း ဖြစ်ပွားသည့် နေရာသည် မြစ်ကြီးနားမြို့ သခင်နက်ဖေ လမ်းနှင့် သီတာ လမ်းသွယ် ၄ (ကညန လမ်း) ထောင့် တွင် ဖြစ်ကြောင်း သိရသည်။

Loading