မန္တလေးမြို့ရှိ ထိုင်းဘုရင် ဥဒုဗ္ဗရ၏ အရိုးပြာနှင့် ပတ်သက်သည့် အငြင်းပွားမှုများနှင့် ဂူဘုရားကို ပြုပြင်မည့် လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြားခံရပြီးနောက် ဂူအစား ထိုင်းဘုရင်၏ အထိမ်းအမှတ်နေရာအဖြစ် ပြောင်းလဲခေါ်မည်ဟု ပြုပြင်ထိန်းသိမ်းရေးများ လုပ်နေသော အဖွဲ့က ဆိုသည်။
မန္တလေးတိုင်း အမရပူရမြို့နယ် အတွင်းရှိ လင်းဇင်းကုန်းတွင် တူးဖော်ရရှိခဲ့သော သပိတ်နှင့် အရိုးပြာသည် ထိုင်းဘုရင် ဥဒုဗ္ဗရ၏ အရိုးပြာဖြစ်သည်ဟု ပြသနိုင်သည့် အထောက်အထားမရှိသေး၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်နေသည့် ကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားစေလိုကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထိုင်းဘုရင့်ဂူ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနအဖွဲ့မှ ဇွန်လဆန်းပိုင်းက ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုင်းဘုရင့်ဂူ ပြုပြင်မွမ်းမံရေး လုပ်ငန်းများကို ဦးဆောင်နေသူများထဲတွင် ပါဝင်သည့် သီတဂူဆရာတော်ကြီးမှ ရာသီဥတုဒဏ်ကြောင့် လင်းဇင်းကုန်းရှိ ရှေးဟောင်းအဆောက်အအုံများ မပျက်စီးရေးအတွက် ယခုနှစ် မိုးရာသီမတိုင်မီ ပြုပြင်ထိန်းသိမ်းမှုများ ပြီးစီးအောင် ဆောင်ရွက်ရန် မိန့်ကြားထားသည်ဟု လက်ရှိပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသောအဖွဲ့က ဆိုသည်။
“ဒီရှေးဟောင်းနေရာကို တူးဖော်ခဲ့တာ ၂၀၁၃ ကတည်းက၊ မလုပ်ဖို့ တားမြစ်ခံရတာ ၃ ကြိမ် ရှိသွားပြီ။ တားလို့ ရပ်ထားရတဲ့အတောအတွင်းမှာ ရာသီဥတုဒဏ်နဲ့ ပတ်ဝန်းကျင်ကလူတွေ ဖျက်ဆီးတာတွေကြောင့် တူးဖော်ထားတဲ့ အဆောက်အအုံတွေရဲ့ ရာခိုင်နှုန်း တဝက်ကျော် ပျက်ဆီးခဲ့ရတယ်” ဟု ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ဦးဆောင်သူတဦးဖြစ်သည့် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
အာဏာပိုင်အဖွဲ့အစည်းဖက်မှ အရိုးအိုးကို စစ်ဆေးမည့်ကာလမှာ ရက်အကန့်သတ်မရှိ ကြာမြင့်မည်ဖြစ်ရာ ယင်းကာလအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ရပ်တန့်ထားပါက လင်းဇင်းကုန်းရှိ ရှေးဟောင်း အဆောက်အအုံများမှာ ပိုမိုပျက်ယွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အငြင်းပွားနေရသည့် အရိုးပြာအိုးနှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့မှ ထပ်မံပြောဆိုတော့မည် မဟုတ်သလို မူလစီစဉ်ထားသည့် ထိုအရိုးပြာအိုးကို ဂူဘုရားအတွင်း ပြန်လည်ဌာပနာ၍ ထိုင်းဘုရင့်အုတ်ဂူအဖြစ် ထားရှိမည့် အစီအစဉ်ကို လက်လှျှော့လိုက်ကြခြင်းဖြစ်သည်။
“ထိုင်းဖက်က ဒီကိစ္စလုပ်နေတဲ့အဖွဲ့အစည်းတွေကလည်း မူလရည်ရွယ်ထားသလို ထိုင်းဘုရင့်အုတ်ဂူရယ်လို့ မဟုတ်တော့ပဲ အရိုးပြာကိုလည်း မယူတော့ဘဲ ဒီတိုင်း ဒီလက်ရှိ စေတီထဲ တခြားဌာပနာတွေကိုဘဲ ပြန်ထည့်ပြီးတော့ သူတို့ ထိုင်းဘုရင် ဥဒုဗ္ဗရက အမရပူရမှာ ခေါင်းချသွားခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ်နေရာအဖြစ်ပဲ သတ်မှတ်တော့မယ်လို့ ပြောလာတယ်” ဟု တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
ယခုလက်ရှိတွင် ပင်မဖြစ်သည့် ထိုင်းဘုရင့် အရိုးပြာအိုးတွေ့ခဲ့သည့် ဂူဘုရားနှင့် ၎င်းပတ်ဝန်းကျင်ရှိ ထိုင်းကျောင်းဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည့် အုတ်ခံ ဘုန်းတော်ကြီး ကျောင်းနေရာ အကြွင်းအကျန်များကို ရှေးမူမပျက် ပြုပြင်မွမ်းမံနေသည်မှာ ပြီးစီးလုနီးပါး အခြေအနေကို ရောက်နေပြီဟု သိရသည်။
လာမည့် ဇွန်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ဂူဘုရား ဌာပနာပိတ်ပွဲကို ကျင်းပမည်ဖြစ်ပြီး၊ ထိုင်းဘုရင့်အုတ်ဂူ ပြုပြင်ရေးအတွက် ရန်ပုံငွေ တာဝန်ယူထားသည့် ထိုင်းဘုရင့် ဘဏ္ဍာတော်ရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၏ ဒုတိယ သာသနာပိုင်ချုပ် ဆရာတော်ကြီး အပါအဝင် ထိုင်းသံဃာတော်များ၊ သီတဂူ ဆရာတော်ကြီးနှင့် အခြားသော ထိုင်းသမိုင်းပညာရှင်များ စုံညီစွာ တက်ရောက်ကြမည်ဟု သိရသည်။
ဆက်လက်၍ တမ္ပဝတီ ဦးဝင်းမောင်က “ဘုရင်ကြီး ဥဒုဗ္ဗရရဲ့ အရိုးပြာကို ပြန်မထည့်နိုင်တော့ ဒီနေရာက ဥဒုဗ္ဗရ အထိမ်းအမှတ်နေရာ ဖြစ်သွားတော့မှာပေါ့။ အကယ်လို့ သူတို့ဖက်က အရိုးပြာဟာ စစ်မှန်ကြောင်း သက်သေတွေ ဘာတွေ ရလို့ ဒီပြန်လာပို့တယ်ဆိုရင်တော့လည်း အခြေအနေနဲ့ အမည်သာရက တမျိုးပြန်ဖြစ်သွားမှာပေါ့။ လောလောဆယ်ကတော့ ဥဒုဗ္ဗရ အထိမ်းအမှတ်နေရာပါပဲ” ဟု ရှင်းပြသည်။
အဆိုပါ အထိမ်းအမှတ်နေရာသည် လင်းဇင်းကုန်း သုဿန်အတွင်း ၁ ဧက ကျယ်ဝန်းသော မြေနေရာတွင်း တည်ရှိနေပြီး တူးဖော်ပြီးဖြစ်သည့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းမှုများ ပြုပြီးသည့်နောက်ပိုင်းတွင် ထိုင်းခရီးသွားများ လာရောက်လေ့လာပါက နားနေနိုင်ရန် ဘေးပတ်ဝန်းကျင်တွင် အရိပ်ရအပင်များနှင့် ပန်းပင်များလည်း စိုက်ပျိုးသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ရဟန်းဝတ်ဖြင့် နေထိုင်ခဲ့သည့် ထိုင်းဘုရင်ဟောင်း ဥဒုဗ္ဗရကို စစ်အောင်နိုင်ခဲ့သည့် ဆင်ဖြူရှင်မင်းက ၁၇၆၇ ခုနှစ်တွင် ၎င်း၏ မင်းနေပြည်ရှိရာ အင်းဝသု့ိ ထိုင်းမင်းညီမင်းသားများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ထို့နောက် မင်းနေပြည်တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့ရာ ဥဒုဗ္ဗရသည် အမရပူရသို့ လိုက်ပါခဲ့ရသည်။
သမိုင်းမှတ်တမ်းများအရ ထိုင်းဘုရင်ဟောင်း ဥဒုဗ္ဗရသည် ရဟန်းဝတ်ဖြင့်သာ နေထိုင်ခဲ့ပြီး အမရပူရတွင် ရဟန်းဝတ်ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို မြန်မာဘုရင်တို့က ခမ်းနားကြီးကျယ်စွာ မီးသဂြိုလ်ပေးခဲ့ပြီး အရိုးပြာကို ဘုရင်တဦးကဲ့သို့ပင် လင်းဇင်းကုန်းတွင် ဂူသွင်းကာ စေတီတည်ထားပေးခဲ့ကြောင်း သိရသည်။