သတင်း

ထိုင်းဘုရင့်ဂူနေရာ ပြုပြင်မှုလုပ်ငန်း ရပ်တန့်ရန် မန္တလေးစည်ပင် တားမြစ်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လင်းဇင်းကုန်းရှိ ထိုင်းဘုရင့်ဂူနေရာကို ပြုပြင်နေသည့် လုပ်ငန်းများကို ရပ်တန့်ထားရန်အတွက် အဆိုပါ ပရဝုဏ်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဇွန် ၂၂ ရက်နေ့ ညက ချိတ်ပိတ် တားမြစ်လိုက်သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်ဆောင်ရွက်လိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများက ခွင့်ပြုချက်ရယူရမည်ဟု ဆိုကာ ယခုလို တားမြစ်ခဲ့ခြင်းဖြစ်သည်။

တူးဖော်ရရှိထားသည့် ထိုင်းဘုရင်၏ အရိုးပြာအိုးဆိုသည်နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများကို ရပ်တန့်ထားရန် ပြီးခဲ့သည့် မေလအတွင်းက ညွှန်ကြားခဲ့သေးသည်။

သို့သော်လည်း သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ရှေးဟောင်းအဆောက်အအုံများကို မိုးရာသီမတိုင်မီ ဆက်လက်ပြုပြင်သွားရန် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

လာမည့် ဇွန်လ ၂၆ ရက်နေ့နှင့့် ၂၇ ရက်နေ့များတွင် မူလစီစဉ်ထားသည့် အရိုးပြာအိုးကို ပြန်လည် ဌာပနာ၍ ထိုင်းဘုရင့်ဂူဟူသည့် အမည်အစား၊ အခြား ဌာပနာပစ္စည်းများကို ထည့်သွင်း၍ ထိုင်းဘုရင် ဥဒုဗ္ဗရအတွက် အထိမ်းအမှတ်နေရာအဖြစ် ထားရှိသွားရန် ပြုပြင်ရေးအဖွဲ့က ပြင်ဆင်ထားသော်လည်း ယခုလို တားမြစ်ခံရသဖြင့် စီစဉ်ထားသည့် ကိစ္စများ ပျက်ယွင်းမည့် အခြေအနေရှိနေကြောင်း သိရသည်။

Loading