တန်ခိုးကြီးဘုရား ၃ ဆူ ဂေါပကသစ် ဖွဲ့ရေးနှင့် အလှူခံကန်ထရိုက်ပေးမှုများ ဖျက်သိမ်းရေး စီစဉ်
This article has been converted from Zawgyi One to Unicode
ရွှေတိဂုံစေတီတော်၊ မန္တလေး မဟာမြတ်မုနိ ဘုရားနှင့် ကျိုက်ထီးရိုး စေတီတော်တို့၏ ဂေါပကအဖွဲ့များ အသစ်ပြင်ဆင် ဖွဲ့စည်းရေးနှင့် အလှူခံများအား ကန်ထရိုက်ပုံစံ ပေးနေမှုများကို ဖျက်သိမ်းရန် လုပ်ဆောင်လျက်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။
အစိုးရသစ်လက်ထက် ဝန်ကြီးဌာနများ၏ ရက် ၁၀၀ စီမံချက်အရ တန်ခိုးကြီးဘုရား ၃ ဆူကို ဦးစွာ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိသေးသည့် တန်ခိုးကြီးဘုရားများကိုလည်း သက်ဆိုင်ရာ တိုင်းအစိုးရ၊ သံဃာ့အဖွဲ့အစည်းများနှင့် ညှိနှိူင်းဆောင်ရွက်မည် ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ပြောသည်။
“ပြည်သူတွေရဲ့ ပြောဆိုတုန့်ပြန်မှုတွေ နားထောင်ပြီး အားလုံး အဆင်ပြေအောင် စီစဉ်လုပ်ဆောင်သွားမှာပါ။ ပြည်သူတွေ ဝေဖန်နေတဲ့ အလှူခံပုံးတွေကို ကန်ထရိုက် ပေးထားတဲ့စနစ်တွေကိုလည်း ဖျက်သိမ်းနိုင်ဖို့ ညှိနှိုင်းဆုံးဖြတ်သွားမှာပါ” ဟု ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ဧရာဝတီကို ပြောသည်။
မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၏ ဂေါပကအဖွဲ့ကို တိုင်းအစိုးရ တာဝန်ရှိသူများ၊ သံဃာ့နာယက အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဂေါပကအဖွဲ့အသစ် ပြင်ဆင်ဖွ့ဲစည်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
နာမည်ကြီး တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများအပေါ် အလှူငွေကောက်ခံမှုနှင့် တခြားသော ယာဉ်ရပ်နားခ၊ တည်ခိုစရိတ်များ အပေါ် ငွေကြေးကောက်ခံမှု ပုံစံများအား ပြည်သူများက အစဉ်တစိုက် ဝေဖန်ခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ဦးကျော်မျိုးက “အလှူခံတာကို ကန်ထရိုက် ပေးထားတယ် ဆိုတာက လုံးဝကို မရှိသင့်တာပါ၊ လာတဲ့သူတွေက သူတို့စေတနာ ရှိသလောက် ထည့်မှာပဲ၊ တချို့နေရာတွေမှာ အလှူခံတာ အတင်းအကြပ်ကြီး ဖြစ်နေတယ်။ ဒါကို ကျိုက်ထီးရိုး ဘုရားသွားဖူးသူတိုင်း ကြုံကြရတာပါ” ဟု ပြောသည်။
သာသနာရေး ဝန်ကြီးဌာနက ရွှေတိဂုံစေတီတော်ကြီးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ကျိုက်ထီးရိုး စေတီတော်နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၇ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။