ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ် ပထမနေ့
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက်လည်ပတ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်သည် ချစ်ကြည်ရေးခရီးစဉ် ပထမနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် သွားရောက် တွေ့ဆုံပြီး မြန်မာအလုပ်သမားများအရေးနှင့်ရပိုင်ခွင့်များအတွက် ဦးစားပေးဆောင်ရွက်မည်ဟု ထုတ်ဖော် ပြောဆို သွားသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ် အလွယ်တကူ ရရှိရန်နှင့် ထိုင်းနိုင်ငံ ဥပဒေပါ အလုပ်သမားအခွင့်အရေးများ ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ထိုင်းနိုင်ငံ၊ စမွတ်စာခွန်းခရိုင်၊ စမွတ်စာခွန်းမြို့ ထလေထိုင်းဈေး ခန်းမတွင် မြန်မာအလုပ်သမားတချို့နှင့် တွေ့ဆုံ စဉ် ပြောဆိုသည်။
“ ဒီနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံး ရရှိဖို့ကိုလည်း ကျမတို့ အနေနဲ့ တတ် နိုင် သလောက် လုပ်ဆောင်ပေးသွားပါမယ်။ ပတ်စ်ပို့ လုပ်တဲ့နေရာမှာ ကြားပွဲစားတွေ ရှိနေတော့ ဈေးနှုန်းတွေက အမျိုး မျိုး ပြောင်းနေတယ်။ ပွဲစားတွေနဲ့ တဆင့်လုပ်တာထက် အလုပ်သမားတွေ ကိုယ်တိုင် လုပ်တာ ပိုကောင်း ပါ တယ်။ နောက်ပြီး ပတ်စ်ပို့ထုတ်ပေးတဲ့ နေရာမှာ အလုပ်သမားတွေ ကိုယ်တိုင် ထုတ်လို့ အဆင်ပြေအောင် ဆောင်ရွက် ပေးသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တလေထိုင်းခန်းမတွင် မြန်မာအလုပ်သမား ၂၀၀ နီးပါးခန့်နှင့် တွေ့ဆုံနေစဉ် ခန်းမ ပြင်ပတွင် မြန်မာအလုပ်သမား ထောင်ချီက တွေ့ဆုံခွင့် ရရန်စောင့်ဆိုင်းနေခဲ့ကြကြောင်း၊ မူလက ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာအလုပ်သမားများ တွေ့ဆုံရာတွင် ဦးရာလူ စနစ်ဖြင့် အလုပ်သမား ၅၀၀ ကို တွေ့ဆုံခွင့် ပြုမည်ဟု ထိုင်းအစိုးရက ကြေညာထားခဲ့သော်လည်း လက်တွေ့တွင် စက်ရုံ အလုပ်ရှင်များနှင့် ပူးပေါင်းပြီး ရွေးချယ်စိစစ် ထား သည့် မြန်မာအလုပ်သမားများကိုသာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပေးရန် ထိုင်းအစိုးရက စီစဉ်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယင်းသို့ ထိုင်းအစိုးရ၏ လုပ်ဆောင်မှုများအပေါ် မကျေနပ်သည့် အတွက် မြန်မာအလုပ်သမားများဘက်မှ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
“ ရောက်လာတဲ့ အလုပ်သမားတွေကို စပယ်ရှယ် ကဒ်များတွေ ရှိမှ ဝင်ခွင့်ရမယ်လို့ ပြောတယ်။ အဲဒီကဒ်ပြားတွေကို ကျမတို့တွေကိုလဲ သူတို့က မပေးထားဘူး။ ထိုင်းအစိုးရတွေက လုံခြုံရေးကို အကြောင်းပြုပြီးတော့ စက်ရုံတွေနဲ့ ချိတ် ထားတယ်။ အလုပ်သမားအခွင့်အရေး ရနေတဲ့ ထိုင်းစက်ရုံတွေဆီက တရုံကို အလုပ်သမား အယောက် ၂၀၊ ၃၀ ခေါ် ထား ကြတယ်။ ပြီးတော့ အမေစုနဲ့ တွေ့ခွင့်ရမယ့် ခုံ ငါးရာ ထိုင်ခုံနေရာတွေမှာ ပေးထိုင်ထားတယ်။ အမေစုက တွေ့ရင် သူတို့က အခွင့်အရေးကောင်းတဲ့ အလုပ်သမားတွေကိုပဲ ပြမယ်။ အပြင်မှာ အခွင့်အရေး မရရှိတဲ့ အလုပ် သမားတွေ အကြောင်းကို မသိရတော့ဘူး။ အပြင်က အလုပ်သမားတွေက မဝင်ရဘူး၊ မပြောရဘူး လုပ်ထားတော့ ကျမတို့ အဖွဲ့ တွေက မဝင်ရ၊ မပြောရတဲ့ အခြေအနေအတိုင်း သူတို့ ရွေးချယ်ထားတဲ့သူတွေကိုလည်း ဝင်ခွင့် မပေးဘူး။ အားလုံး ဟာ တန်းတူညီမျှ အခွင့်အရေး ရှိဖို့ လိုတယ်” ဟု တလေထိုင်းခန်းမ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမား မဦးက ဧရာဝတီသို့ ပြောကြားသည်။
တလေထိုင်းခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းပြောကြားပြီးနောက် ခန်းမပြင်ပတွင် ရောက်ရှိနေသည့် ထိုင်းအလုပ်သမား တထောင်ကျော်ကို မိန့်ခွန်းပြောကြားရန် ကြိုးစားခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က အပြင်ဘက်သို့ ထွက်၍ မြန်မာအလုပ်သမားများကို စကားမပြောနိုင်သည့်အတွက် စိတ် ပျက် မိကြောင်း၊ သို့ရာတွင်ထိုင်းရောက် မြန်မာ ပြည်သူများ၏ ပြဿနာများကို နားလည်သည်ဟု ထလေထိုင်းခန်းမမှ ပြန်လည် မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း Migrant Worker Rights Network မှ Andy Hall က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေးစဉ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ လည် ပတ်နေခြင်းဖြစ်ပြီး အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းနှင့် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်ထင်တို့ ခရီးစဉ်တွင် လိုက်ပါလာကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဍဘူမိ လေဆိပ်သို့ နံနက် ၁၀ နာရီ ၃၅ မိနစ် အချိန် တွင် ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak က ကြိုဆိုခဲ့ ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်သည် ၃ ရက်ကြာ သွားရောက်မည့် ခရီးစဉ်တွင် မြန်မာဒုက္ခသည်များ နေထိုင်သည့် ရတ်ချ်ဘုရခရိုင် ဒုက္ခသည်စခန်းသို့ သွားရောက်ရန်စီစဉ်မှုကို ထိုင်းအာဏာပိုင်များက ဖျက်သိမ်း လိုက်ကြောင်း သိရှိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းထောက် ရွှေဇင် ပူးပေါင်း ရေးသားသည်)