သတင်း

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် မူကြမ်း ထုတ်ပြန်မည်

This article has been converted from Zawgyi One to Unicode

ဒေသခံများကိုယ်တိုင် စီမံအုပ်ချုပ်ခွင့်ရမည့် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ပိုမိုအားကောင်းလာစေရန် ခေတ်နှင့်လျော်ညီသည့် ညွှန်ကြားချက်မူကြမ်း အသစ်ကို ယခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သစ်တောဦးစီးရုံး ညွှန်ကြားရေးမှူး ဦးတင့်ဆွေက “၁၉၉၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ညွှန်ကြားချက် အဟောင်းမှာ ကောင်းနိုး ရာရာတွေပဲ ရွေးချယ် ထုတ်ပြန်ခဲ့လို့ ပြင်ဆင်ဖို့ လိုအပ်တာတွေ ပါသလို အားလုံးကို ခြုံငုံမိအောင် မလုပ်နိုင်ခဲ့ဘူး။ အခုမူကြမ်းမှာ တကယ်လက်တွေ့လုပ်ကိုင်ကြမယ့် ဒေသခံတွေရဲ့ ထောက်ပြပေးတဲ့ အကြံ ပြုချက်တွေပါ ပေါင်းစပ် ထည့်သွင်းသွားမှာပါ” ဟု ပြောသည်။

အဆိုပါ ညွှန်ကြားချက် မူကြမ်းအသစ်ကို ၂၀၁၄ ခုနှစ်က စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောနှင့် ဆက်စပ်နေသူများအား ဖိတ်ကြားကာ အလုပ်ရုံဆွေးနွေးပွဲ ၈ ကြိမ်ခန့်
ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနတွင် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ အစုအဖွဲ့ပိုင်သစ်တောနှင့် ဆက်စပ်နေသည့် တောင်သူများ၊ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများအား ဖိတ်ကြားကာ ညွှန်ကြားချက်မူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

“ဆွေးနွေးပွဲက ရလဒ်တွေအားလုံး စုပေါင်းဖို့အတွက် ဒီလကုန်မှာ အမျိုးသားအဆင့် အစည်းအဝေး ထိုင်ပါမယ်။ ၂၀၁၆ ခုနှစ်အတွင်း အတည်ပြုနိုင်ဖို့ ဦးတည်ထားပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြောသည်။

၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက်က ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ရာ လက်ရှိ ခေတ်စနစ်နှင့် မကိုက်ညီသည့်အချက်များ ပါဝင်သည့်အပြင်
အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၏ အနက်အဓိပ္ပါယ်ကို တိကျရှင်းလင်းစွာ ဖော်ပြမထားသည့်အတွက် ကိုယ်ကျိုးစီးပွားအတွက် အသုံးချသူများလည်း ရှိခဲ့သည်ဟု သိရသည်။

ယခုညွှန်ကြားချက်မူကြမ်းတွင်မူ အဆိုပါကိစ္စရပ်များအား ကာကွယ်နိုင်ရန်အတွက် သစ်တောအတွင်း သို့မဟုတ် သစ်တောများအနီး (၅ မိုင်ပတ်လည်အတွင်း) တွင် ၅ နှစ်တာ တဆက်တည်း အခြေချ နေထိုင်ခဲ့သည့် ဒေသခံပြည်သူများ ဖွဲ့စည်းထားသည့် အစုအဖွဲ့ကိုသာ လုပ်ပိုင်ခွင့်ချထားပေးမည် ဆိုသည့်အချက် ထည့်သွင်းထားသည်။

၂၀၁၅ ခုနှစ်မှ စတင်ကာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို လုပ်ကိုင်နေသည့် ကျောက်ဆည်မြို့နယ် ဒဟတ်ရေကျေးရွာမှ ဦးမိုးညိုက “အခုလောလောဆယ်တော့ ယူကလစ်နဲ့ လျှောဖြူ ၃ ဧကလောက်စိုက်ထားပါတယ်။
အခက်အခဲကတော့ မိုးလေဝသကို သေချာမသိရတော့ အပင်ဖြစ်ထွန်းမှု အားနည်းပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဒေသခံပြည်သူပိုင် သစ်တောလုပ်ငန်း လုပ်ကိုင်သည့်အစုအဖွဲ့ပေါင်း ၂၀၀၀ ကျော်ရှိပြီး သစ်တောဧရိယာ ဧက ၂ သိန်းခန့်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

၁၉၉၂ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၅၀၊ ၅၇ (က) တို့အရ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာညွှန်ကြားချက်အား ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း ညွှန်ကြားချက်မူကြမ်းအသစ်တွင် ဖော်ပြထားသည်။

Loading