ရန်ကုန်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် ခုံးကျော်တံတား စီမံကိန်း ၂ ခု ကို ပယ်ဖျက်လိုက်ခြင်းကြောင့် ရရှိလာသည့် ငွေကြေးများကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွဲဝေသုံးစွဲရန် ချထားပေးရာတွင် မျှတမှုမရှိဘဲ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ် လှည်းကူးမြို့နယ်အတွက် ဘတ်ဂျက်ပိုပေးထားကြောင်း ရန်ကုန်တိုင်း လွှတ် တော် ကိုယ်စား လှယ်များက ဝေဖန်ပြောဆိုလိုက်သည်။
ခုံးကျော်တံတားစီမံကိန်း ဖျက်သိမ်းမှုမှ ရရှိသည့် ဘတ်ဂျက်ကို သုံးစွဲရန် ရန်ကုန်တိုင်းအစိုးရက ပြန်လည် ချထား ပေးရာ တွင် ရန်ကုန် တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်ဖြစ်သော လှည်းကူးမြို့နယ်က အခြားသော မြို့နယ်များ ထက် ဘတ်ဂျက် ပိုမိုရရှိခဲ့သည်ဟု ရန်ကုန်အမတ်များက ဆိုကြသည်။
ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီလမ်းဆုံတွင် ခုံးကျော် တံတား ၂ ခု တည်ဆောက်ရန် ယခင်အစိုးရက ဘတ်ဂျက်ကို အတည်ပြုပေးခဲ့သော်လည်း ဧပြီလ အတွင်းတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အသစ်များက ခုံးကျော် တံတား အသစ်များက ရန်ကုန်မြို့၏ ယာဉ်ကျောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်သဖြင့် ၎င်းတို့ အတွက် သုံးစွဲမည့် ကျပ်ငွေ ၃၂ ဒသမ ၂ ဘီလီယံကို ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် သုံးစွဲပေးရန် အကြံပြုခဲ့ကြသဖြင့် တည်ဆောက် ရေး အစီအစဉ်များ ရပ်ဆိုင်းသွားခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းအစိုးရရဲ့ ဘဏ္ဍာငွေ ခွဲဝေမှုကို သဘောမတူခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ တချို့ အစီအစဉ်တွေက အတည်မပြုရသေးလို့ပါ။ ကျေးလက်ဒေသ အများအပြားက ပိုက်ဆံ နည်းနည်းပဲ ရတယ်။ လှည်းကူး ကျတော့ တခြားမြို့နယ်တွေထက်ပိုရတယ်။” ဟု ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းအစိုးရ၏ ဘတ်ဂျက် ခွဲဝေမှုအရ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ် ဖြစ်သည့် လှည်းကူး မြို့နယ်က ဘတ်ဂျက် ကျပ် ၄ ဘီလီယံနီးပါး ခွဲဝေ ရ ရှိခဲ့ပြီး ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်များက ကျပ် ၃ ဘီလီယံကျော် ရရှိမည် ဖြစ်ကာ ကျန် အခြားမြို့နယ်များ က ကျပ် ၂ ဘီလီယံဝန်း ကျင်ရရှိကြမည် ဖြစ်ကြောင်း သိရှိရသည်။
“မြို့နယ် ၃ ခုက ကျပ် ၃ ဘီလီယံကျော်ရပြီး ကျန်တဲ့ မြို့နယ်တွေကတော့ ၂ ဘီလီယံဝန်းကျင်လောက်ပဲ ရတယ်။ အခု လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။ သူတို့ အစိုးရနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးစန်းကျော် ကပြောသည်။
“ဝန်ကြီးချုပ်ရဲ့ မဲဆန္ဒနယ်က ပိုက်ဆံအများဆုံးရနေတာက မမျှတပါဘူး။ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သူတို့ရဲ့ မဲဆန္ဒနယ် အတွက် ကောင်းကောင်းလုပ်ချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကို ရွေးချယ်ထားတာ ဒါ အတွက် ပဲ” ဟု ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
NLD ပါတီမှ မှော်ဘီမြို့နယ်၏ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စန်းဦးက မှော်ဘီမြို့နယ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရန် ကျပ်ငွေ ၂ ဒသမ ၅ ဘီလီယံသာ ရရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ခုံးကျော် တံတားဆောက်မယ့် ပိုက်ဆံတွေကို ကျေးလက် ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အသုံးပြုဖို့ ကျနော်တို့က အကြံ ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒါပေမယ့် ဘတ်ဂျက်က မြို့ပေါ်မြို့နယ် တွေက ကျေးလက်ဒေသတွေထက် ပိုက်ဆံ ပိုရတဲ့ အတွက် ကျနော်တို့က အဲဒါကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။” ဟု သူကပြောသည်။
“သူတို့က လှည်းကူးမြို့နယ်မှာ လမ်းဖောက်ဖို့ ၁ ဘီလီယံကျော်လိုတယ်၊ ဒါကြောင့် လှည်းကူးကို ပိုချထားပေး တာလို့ ပြောတယ်။ ကျနော်တို့ အားလုံး လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ စီမံကိန်းက တကယ်လိုအပ်နေလို့။ ဒါပေမယ့် ဘတ်ဂျက် ခွဲဝေမှု မညီမျှတာက တချို့နေရာတွေမှာတော့ မဆီလျော်ပါဘူး။” ဟု ဦးအောင်စန်း ဦးကပြောသည်။
ရန်ကုန်တိုင်း အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ဘတ်ဂျက်ကို ပြန်လည်သုံးသပ်နေကြောင်း၊ ဦးစားပေးသင့်သည့် အဆိုပြုချက် တချို့သည် ကနဦး အစီအစဉ်တွင် မပါဝင်ခဲ့၍ ဖြစ်ကြောင်း ဧရာ ဝတီသို့ပြောသည်။
“လှည်းကူးမြို့နယ်က တခြားမြို့နယ်တွေထက် ကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံ ပိုရတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါက အခု အချိန် မှာ အရမ်းအခြေအနေဆိုးနေတဲ့ လမ်းတခုကို ပြုပြင်ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။” ဟု သူကပြောသည်။
လက်ရှိ ပြန်လည် သုံးသပ်မှု အရ ကနဦး ဘတ်ဂျက် ကိုပြောင်းလဲ ခြင်းပြုလုပ်မည် မဟုတ်သော်လည်း အရေး တကြီး လိုအပ်နေ သော စီမံကိန်းများအတွက် တိုင်းဒေသကြီးအစိုးရက အရန်ငွေ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ဆိုသည်။
“မြို့နယ်တိုင်းက သူတို့လိုအပ်ချက်တွေကို အခြေခံပြီး တောင်းဆိုခဲ့ကြတယ်။ အဲဒါက အကျယ်အဝန်း၊ လူဦးရေနဲ့ တခြား အချက်တွေ ပေါ်မှာ မူတည်ထားပါတယ်။ ဒါကြောင့် နှိုင်းယှဉ်ဖို့ ခက်ပါတယ်။ ကျနော်တို့က မြို့နယ်တိုင်းရဲ့ အရေးကြီးတဲ့ ပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့ ဘတ်ဂျက်ကို ချထားပေးခဲ့ပါတယ်။” ဟု သူကပြောသည်။