ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်ရှိ နေအိမ် တအိမ်အတွင်းသို့ ကျော်နင်းဝင်ရောက်ပြီး ထိခိုက် ဒဏ်ရာ ရရန် ပြုလုပ်သည့် မှုခင်းဖြစ်စဉ်တခု ယနေ့နံနက် စောစောပိုင်း အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“ညအချိန် အိမ်ကျော်နင်းဝင်ရောက်တယ်။ နာကျင်ဒဏ်ရာဖြစ်အောင် ပြုလုပ်တဲ့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၅၉ နဲ့ အမှုဖွင့်ထားတယ်။ တရားခံမိဖို့အတွက် ပူးပေါင်းပြီးလိုက်နေတုန်းပါ”ဟု စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်က ဧရာဝတီကို ပြောသည်။
စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်ရှိ အမှတ်(၈) အောင်ချမ်းသာ(၆)လမ်း နေအိမ်တွင် နေထိုင်သည့် အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်သန်းနွဲ့ ဆိုသူက နံနက် ၂ နာရီခန့်တွင် ဘီရိုတံခါး ဖွင့်သံကြားရသဖြင့် ဘယ်သူလဲဟုမေးရာ ပြန်မဖြေ သဖြင့် သူခိုးဟု အော်လိုက်စဉ်တွင် ဖောက်ထွင်း ဝင်ရောက်လာသူက ချွန်ထက်သည့်အရာဖြင့် ဒေါ်ခင်သန်းနွဲ့၏ ဂုတ်ပိုး ပုခုံးသား နှင့် လက်ပြင်တို့အား ထိုးသွားခဲ့သဖြင့် ပြတ်ရှဒဏ်ရာများ ရရှိသွားကြောင်း ဒုရဲအုပ် သန်းထိုက်က ပြောပြသည်။
ထိုအမှု ဖြစ်ပွားသည့် နေအိမ်သည် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ နေအိမ်ဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ဦးဘိုဘိုဦးတို့ ဇနီးမောင်နှံသည် နေပြည်တော်တွင် ရောက်ရှိနေပြီး အိမ်တွင်မိသားစုဝင် ၃ ဦး သာရှိ နေကြောင်း၊ ချွန်ထက်သော အရာဖြင့် အထိုးခံရသူသည် ယောက္ခမဖြစ်သူ ဒေါ်ခင်သန်းနွဲ့ဖြစ်ကြောင်း ဦးဘိုဘိုဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
မှုခင်းဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ ဒေါ်ခင်သန်းနွဲ့ ရရှိသွားသည့် ဒဏ်ရာ ၃ ချက်အနက် တချက်သည် နက်သော်လည်း စိုးရိမ် ရမှု မရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ခံယူလျက်ရှိနေကြောင်း ဦးဘိုဘိုဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုးအေး က လည်း ဧရာဝတီသို့ ပြောသည်။
တရားခံကို ဖမ်းဆီးရမိရေးအတွက် စမ်းချောင်း စခန်းမှူးနှင့်အဖွဲ့၊ နယ်ထိန်း ခေါင်းဆောင်နှင့်အဖွဲ့၊ ခရိုင်အဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်း စစ်ဆေးနေကြောင်း ဒုရဲအုပ်သန်းထိုက် က ပြောဆိုသည်။