သတင်း

ထိုင်း - မြန်မာနယ်စပ် ထီးခီးဂိတ် ပိတ်လိုက်သည့်အပေါ် KNU ညှိနှိုင်းမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တခုဖြစ်သည့် ထီးခီးဂိတ်ကို အစိုးရ တပ်မတော်ဘက်က ပိတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခမဖြစ်စေရန် ညိနှိုင်း ဆွေးနွေးသွားမည်ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) က ပြောဆိုသည်။

တနင်္သာရီတိုင်း မေတ္တာမြို့နယ်ခွဲနှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဗာန်ဖူနာမ်ရွန်းရွာ ကြားရှိ ထီးခီးဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က အစိုးရ တပ်မတော်ဘက်က ပိတ်လိုက်ပြီးနောက် နှစ်ဘက်တပ်များကြား ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ် သဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း KNU တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက ဧရာဝတီ ကို ပြောသည်။

“ညှိနှိုင်းမှာပေါ့ဗျာ။ ပြဿနာမဖြစ်လာအောင်၊ နောက်ပြီးတော့ ဖြစ်လာမယ့်အခက်အခဲတွေ မကြုံရလေအောင်ပေါ့။ အခု လက်ရှိ ဖြစ်နေတဲ့ဟာကိုတော့ ဘယ်လိုပုံစံနဲ့ ကိုင်တွယ်မလဲ ဆိုတာကို ဆွေးနွေးတဲ့နေရာမှာရော အပေးအယူ လုပ်တဲ့ နေရာမှာပဲ အဖြေထွက်လာပါလိမ့်မယ်”ဟု ပဒိုစောသောသီဘွဲက ဆိုသည်။

ထီးခီးဂိတ်ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း ကိုယ်တိုင် ထိုဒေသရှိ KNU စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တနင်္သာရီတိုင်း အစိုးရတပ်မတော် စစ်ဘက်တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်လျက်ရှိကြောင်းလည်း သိရသည်။

ထီးခီးဂိတ်ပိတ် လိုက်သည့် ပြဿနာဖြစ်ပွားပြီးနောက် နှစ်ဘက်တပ်များကြား စစ်ရေးသတိ အနေအထား ရှိနေကြသော် လည်း ပဋိပက္ခ မဖြစ်ပွားရေးအတွက် အတတ်နိုင်ဆုံး ထိန်းသိမ်းရန် ဆန္ဒရှိနေကြောင်း KNU ဘက်က ပြောသည်။

“လက်နက်ကိုင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ဆိုတော့ ရန်ဆောင်သဖွယ်မျိုး ဖြစ်လာမယ်။ ရန်လိုရန်မှုလာသဖွယ်မျိုး ဖြစ်လာမယ် ဆိုရင်တော့ စစ်ရေးသတိက ရှိနေကြမှာပဲ၊ ဒါက ငြင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ”ဟု ပဒို စောသောသီဘွဲ က ဆက်လက် ပြောဆိုသည်။

တနင်္သာရီတိုင်းတွင် KNU နှင့် တပ်မတော်တို့ကြား တရားဝင်ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အဖွဲ့ရှိပြီး ထိုအဖွဲ့မှတဆင့် ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် အစီအစဉ်များ ရှိသည်ဟု လည်း ၎င်းကဆိုသည်။

ထီးခီးဂိတ်ပိတ်လိုက်သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး တက်နေသဖြင့် ဖြေကြားရန်မအားသေးဟု ပြန်လည်ပြောဆိုသည်။

ထီးခီးဂိတ်သည် ယခင်က KNU တပ်မဟာ (၄) ဌာနချုပ် အခြေစိုက်ရာ နေရာဖြစ်သည်။ ၂၀၁၃ ခုနှစ် မေလက ထိုဂိတ်ကို တရားဝင် ဖွင့်လှစ်ခဲ့ပြီး KNU နှင့် အစိုးရတပ်မတော် နှစ်ဘက်စလုံး ထိန်းချုပ်မှု ရှိနေသည့်နေရာလည်း ဖြစ်သည်။

ထိုထီးခီးဂိတ်မှတဆင့် ဂက်စ်၊ စက်သုံးဆီ အပါအဝင် ထိုင်း-မြန်မာ နှစ်နိုင်ငံ သွင်းကုန်၊ထုတ်ကုန်များ ကုန်သွယ်မှု ရှိနေ သည့် နေရာလည်းဖြစ်ပြီး တနင်္သာရီတိုင်းမှ ထွက်ကုန်များတင်ပို့ခြင်းနှင့် ထိုင်းနိုင်ငံဘက်သို့ ခရီးသွားလာရေးအတွက် စရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်း ပို့ဆောင်နိုင်သည့်နေရာလည်း ဖြစ်သည်။

KNU အဖွဲ့သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်ပြီး အစိုးရတပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံးအဖွဲ့လည်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဆဲကာလနှင့် လက်မှတ်ရေးထိုးပြီ းနောက်ပိုင်းအထိ KNU ခေါင်းဆောင်များနှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ၅ ကြိမ်ထက်မနည်း ရင်းနှီးသည့် တွေ့ဆုံမှုများ ရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading