သတင်း

ရခိုင် လက်နက်ကိုင် နှစ်ဖွဲ့ ပဋိပက္ခ ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြားတွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ကြား ထောက်ပို့ပစ္စည်းများ လုယူသွားသည်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။

အဆိုပါ ရခိုင် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့မှာ ရခိုင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (ALP) နှင့် ရကိ္ခုင့် တပ်မတော် (AA) တို့ ဖြစ်သည်။

AA မှ ဒုဗိုလ်မှူကြီး ကျော်ဟန်က “ကျနော်တို့ လှုပ်ရှားစစ်ကြောင်းရှိတဲ့ နေရာကို ဒေသခံ အမာခံတွေက ကျနော်တို့ အတွက် ပွိုင့်ဖိနပ်တွေ ယူလာပေးတာ၊ လမ်းမှာ သူတို့ (ALP)က ဓားပြဆန်ဆန် လုယူသွားတာ” ဟု ဧရာဝတီကို ပြော သည်။

ဇွန်လ ၂၂ ရက် ညနေပိုင်းတွင် ဒေသခံများက ပွိုင့်ဖိနပ်အရံ ၆၀ နှင့် အခြားစစ်သုံးပစ္စည်းများကို AA တပ်ဖွဲ့ဝင်များထံသို့ ပို့ဆောင်ရာလမ်းတွင် ALP တပ်ဖွဲ့ဝင်များက လုယူသွားကြောင်း၊ AA တပ်ဖွဲ့ဝင်များက အလုခံရသည့် ဒေသခံများနှင့် လိုက်ရှာ ရာ ALP တပ်ဖွဲ့ဝင် တဦး အဖမ်းခံပြီး ဝန်ခံကြောင်းလည်း ဒုဗိုလ်မှူးကြီး ကျော်ဟန်က ရှင်းပြသည် ။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ ထောက်ပို့ပစ္စည်းတွေကို ၈ ယောက် အဖွဲ့က ဓားပြတိုက် သွားတယ်ဆိုလို့ ဒေသခံတွေနဲ့ လိုက်တာ ၂ယောက်က လက်နက်ချပြီး အဖမ်းခံတယ်၊ စစ်ကြည့်မှ ALP တပ်ဖွဲ့ဝင်လို့ သိရတယ်။ ကျနော်တို့ဆီက လုသွား တဲ့ ဖိနပ်တောင် သူတို့ တယောက် စီးထားတာ တွေ့သေးတယ်”ဟုလည်း ပြောဆိုသည်။

ALP မှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်း က ၎င်းတို့အနေဖြင့် ထောက်ပို့ ပစ္စည်းများ ယူထားခြင်း မရှိသည့်အပြင် ပြဿနာ ဖြစ်သည့် ကိစ္စသည် ALP ၏ အမှတ် (၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များက ဌာနချုပ်သို့ လာရာလမ်းတွင် AA က စတင် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

ဦးခိုင်အောင်စိုးသန်း က “ကျနော်တို့ တပ်မှူးတွေဆီက ထွက်လာတဲ့ အသံကတော့ ပြန်လာတဲ့ အချိန်မှာ AA ဘက်က တိုက်ခိုက် တာလို့ ပြောပါတယ်၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ပစ္စည်းတွေ ယူထားတာ မရှိပါဘူး”ဟုလည်း ပြောဆိုသည်။

AA ကမူ ၎င်းတို့ဖြစ်ပွားသည်မှာ ထောက်ပို့ပစ္စည်းများ အလုခံရသည့် ကိစ္စဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခြင်း မဟုတ်ဟု ပြော သည်။

ဒုဗိုလ်မှူးကြီး ကျော်ဟန်က “သူတို့က အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတယ်။ ယူနီဖောင်းနဲ့ ဖိနပ်ကြိုက်သလို ယူလို့ရတယ်။ ကျနော်တို့မှာက ခက်ခက်ခဲခဲနဲ့ ရထားတာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ လိုအပ်ချက်အတွက် လူထု အကူအညီနဲ့ ဝိုင်းဝန်း ပေးတာကို ဓားပြဆန်ဆန် လုယူ တိုက်ခိုက်တယ်ဆိုတာ အရုပ်ဆိုးတဲ့ ဖြစ်ရပ်ပဲ မကောင်းဘူး”ဟု ပြောဆိုသည်။

ALP နှင့် AA သည် ယခင်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပြီး ALP မှ NCA လက်မှတ် ထိုးပြီးသည့် နောက်ပိုင်း တွင် အပြန်အလှန် သဘောထားတင်းမာလာသည့် အခြေအနေများ ရှိသည်ဟုလည်း ဦးခိုင်အောင်စိုးသန်းက ပြောသည်။

“နယ်မြေထဲမှာ သူတို့က အင်အားများလာတော့ ကတောက်ကဆတွေ ဖြစ်လာတာရှိတယ်။ သုံးကြိမ်လောက် ဖြစ်တာ ရှိတယ်။ NCA ထိုးပြီးနောက်ပိုင်းပေါ့။ တိုက်ပွဲမဟုတ်ဘူး၊ နယ်မြေတင်းမာမှုတွေ ဖြစ်တာ“ဟုလည်း ဦးခိုင်အောင်စိုးသန်းက ပြောသည်။

လက်ရှိတွင် အငြင်းပွားမှုများ ပြေလည်စေရန် AA နှင့် ALP ကြား ညှိနှိုင်းမှုများ ရှိနေပြီး ALP တပ်ဖွဲ့ဝင်တဦးကို AA က ဖမ်းဆီး ထားဆဲ ဖြစ်သည်ဟုလည်း သိရသည်။

ဦးခိုင်အောင်စိုးသန်ကလည်း “ကျနော်တို့က ကိုယ့်ရခိုင်အချင်းချင်း ဖြစ်တာကတော့ တော်တော်ကို ရှက်စရာ ကောင်းပါ တယ်။ နောက်နောင် ဒီလိုမဖြစ်အောင် ကျနော်တို့ဘက်က ဆန္ဒရှိပါတယ်။ ပြေလည်အောင်အထိ ညှိဖို့ကတော့ တပတ် တန်သည် အချိန်ယူရမယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြောဆိုသည်။

ALP မှာ အိန္ဒိယနယ်စပ်တွင် ဌာနချုပ် အခြေစိုက်ပြီး မြန်မာ-အိန္ဒိယနယ်စပ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နှင့် ကရင်ပြည်နယ် အတွင်းတို့တွင် တပ်ဖွဲ့များ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ALP သည် အစိုးရနှင့် NCA စာချုပ် ချုပ်ဆိုထားပြီး နိုင်ငံရေးဆွေးနွေးရန် ဆက်လက်ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်သည်။

AA မှာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဌာနချုပ် အခြေစိုက်ပြီး ရခိုင်ပြည်နယ် အတွင်း အခြေစိုက်စခန်းများ ရနိုင်ရန် လှုပ်ရှားလျက် ရှိသည်။

အစိုးရ တပ်မတော်နှင့် AA သည် တိုက်ပွဲများ ဖြစ်ပွားထားပြီး လက်နက်စွန့်မှ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု AA ကို တပ်မတော် က ပြောဆို ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading