သတင်း

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုကြောင့် ဦးစခုန်တိန့်ယိန်းကို အမတ်အဖြစ်မှ ရုပ်သိမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးက ကချင်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတဦးလည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစခုန်တိန့်ယိန်းသည် ၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်း တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ၍ ကချင်ပြည်နယ် အမှတ် ၅ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရလိုက်ရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) တရားခွင် အမှတ် ၂ တွင် ပြုလုပ်ခဲ့သည့် ဦးစခုန်တိန့်ယိန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့ကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရာတွင် ဦးစခုန်တိန့်ယိန်းသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၆ အရ တရားမဲ့ပြု ကျင့် ကြောင်း ထင်ရှားသည်ဟု ခုံရုံးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး ဒုတိယ ဆန္ဒမဲအများဆုံးရရှိသူ တသီးပုဂ္ဂကိုယ်စားလှယ် ဦးယောနာသည် ကချင်ပြည်နယ် အမှတ် ၅ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးစခုန်တိန့်ယိန်းသည် ၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်း တရားပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာနှင့် NLD ပါတီမှ ဦးစံဝေခေါင်လွန်းတို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊UEC အဆုံးအဖြတ်ဖြင့် ဦးစခုန်တိန့်ယိန်းကို အနိုင်ရ၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမည့်သူ ဦးယောနာကလည်း ဦးစခုန်တိန့်ယိန်းသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် အနှောင့် အယှက်များစွာပေးခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်တဦး၏ လုပ်ဆောင်ချက်နှင့် ကိုက်ညီမှု မရှိဘဲ မတရားပြုကျင့်မှု ဖြစ်လာသဖြင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ချီဗွေ၊ ဆော့လောနှင့် အင်ဂျားယန် ၃ မြို့နယ်ပေါင်း အမှတ် ၅ အမျိုးသား လွှတ်တော်နေရာအတွက် ဦးစခုန်တိန့်ယိန်းက ဆန္ဒမဲ ၅၀၀၀ ကျော်ရရှိခဲ့ပြီး ဦးယောနာက ဆန္ဒမဲ ၃၀၀၀ ကျော်ရရှိခဲ့သည်ဟု သိရသည်။

NLD ဘက်မှ ရှေ့နေ ဦးတင်ထွန်းသိန်းက “ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၆ အရ တရားမဲ့ပြုကျင့်တယ်ဆိုပြီး ခုံရုံးက ဆုံးဖြတ်လိုက်တယ်။ အဲဒီတော့ ဦးစခုန်တိန့် ယိန်းက အမျိုးသား လွှတ်တော် ကိုယ် စားလှယ် အမှတ် ၅ မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းခံရတာပေါ့။ ဦးယောနာကို ဦးစခုန်တိန့်ယိန်း နေရာကို ပြန်ပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးစခုန်တိန့်ယိန်းဘက်မှ ရှေ့နေကမူ ယခုအမှုနှင့် ပတ်သက်၍ အယူခံဝင်/မဝင်ကို မပြောနိုင်သေးဘဲ ကာယကံရှင်ဖြစ်သူနှင့် တိုင်ပင်ရဦးမည်ဟု မီဒီယာများသို့ ပြောသည်။

အမှုဖြစ်စဉ်သည် ကော်မရှင်တွင် ၇ လ ကြာမြင့်ခဲ့ပြီး ယခုအမှုကို UEC ကော်မတီဝင် ဦးစိုးရယ်က ဥက္ကဌအဖြစ် လည်းကောင်း၊ ပြင်ပမှ တရားသူကြီး ၂ ဦးတို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်၍ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးစခုန်တိန့်ယိန်းမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံခဲ့ရသော်လည်း ၎င်း၏ သားဖြစ်သူ ဦးစခုန်ယိန်းဆောင်မှာမူ ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်သည်ဟု တိုင်ကြားခံခဲ့ရသော်လည်း ချီဗွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် ရရှိခဲ့သည်။

ဦးစခုန်ယိန်းဆောင်ကို ရွေးကောက်ပွဲ တရားမဲပြုကျင့်သည်ဟုဆိုကာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သူ NLD မှ ဦးခေါဘောမ်က တိုင်းကြားခဲ့သော်လည်း သက်သေ မခိုင်လုံဟုဆိုကာ ခုံးရုံးက ပယ်ချခဲ့သည်။
“ဦးစခုန်ယိန်းဆောင်အမှုမှာ ကျနော်တို့ဘက်က ရှုံးတယ်။ ဦးစခုန်ယိန်းဆောင်က အမတ်ဆက်ဖြစ်မှာပါ”ဟု ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။

ကချင်ပြည်နယ်မြောက်ပိုင်း (ကချင်အထူးဒေသ ၁ ပန်ဝါဒေသ) တွင် ဦးစခုန်တိန့်ယိန်းက ကချင်ပြည်နယ်တွင်းရှိ မဲဆန္ဒနယ်မြေ အမှတ် ၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် ၂၀၁၅ စက်တင်ဘာလအတွင်းက ကြေညာချက်ထုတ်၍ တားမြစ်ခဲ့ကြောင်း၊ ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDAK) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ နယ်မြေတွင် မဲဆွယ်စည်းရုံးရေးလုပ်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်လောင်းနှင့်ပါတီဝင်များ၊ ပစ္စည်းများ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဖျက်ဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဦးစခုန်တိန့်ယိန်းသည် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို အနိုင်ရကာ အမျိုးသားလွှတ်တေ်ာအမတ် ဖြစ်လာခဲ့သူဖြစ်သည်။

၂၀၁၅ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ဦးစခုန်တိန့်ယိန်းသည် NLD၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လော်ဝေါ် အမျိုးသားညီညွတ်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းမျာနှင့်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်အမတ်အဖြစ် ဒုတိယအကြိမ် ထပ်မံ ရွေးကောက်ခံ ခဲ့ရကြောင်း၊ ကချင်ပြည်နယ် အမှတ် ၅ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သည် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန်မြို့နယ်များကို ကိုယ်စားပြုပြီး ထိုမြို့နယ် များတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သောင်းအောက်သာ ရှိကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading