မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ၏ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြေရှင်းရေးကို အလေးပေးရန် လိုအပ် သည်ဟု ဥရောပသမဂ္ဂ(EU) က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားလိုက်ပြီး နိုင်ငံမဲ့ မွတ်စလင် များကို “ရိုဟင်ဂျာ” ဟု သုံးနှုန်းခြင်းမှ ရှောင်ရှားရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုခဲ့ခြင်းကို အလေးထားသွားမည် ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် ကြေညာချက် တရပ်ထုတ်ပြန်လိုက်သည်။
EU ၏ အဆိုပါကြေညာချက်က အဆိုပါ အကဲဆတ်သည့် ကိစ္စတွင် အနောက်နိုင်ငံများ၏ ချဉ်းကပ်မှုက အမေရိကန်နှင့် ကွဲ လွဲမှု ရှိနေကြောင်း ၊ အမေရိကန် နိုင်ငံက “ရိုဟင်ဂျာ” ဆိုသည့် အခေါ်အဝေါ်ကို ဆက်လက် သုံးစွဲသွားမည် ဖြစ်ကြောင်း နှင့် အသိုင်းအဝိုင်းတခုက ၎င်းတို့ကို ခေါ်ဝေါ်စေချင်သည့် အသုံး အနှုန်းကို လေးစားရမည် ဖြစ်ကြောင်း အခိုင် အမာ ပြောကြား ထားကြောင်း သိရှိရသည်။
လူဦးရေ ၁ဒသမ ၁ သန်းခန့်ရှိပြီး ၎င်းတို့ကိုယ် ၎င်းတို့ “ရိုဟင်ဂျာ” ဟု ခေါ်ဆိုသူများကို ဗုဒ္ဓဘာသာဝင် မြန်မာများက ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ တရားမဝင် ရောက်လာသူများအဖြစ် ယူဆကြသည်။
မွတ်စလင်လူနည်းစုများ ဝန်းကျင်တွင် တင်းမာမှုများက မြင့်တက်လာနေပြီး မြန်မာအစိုးရသစ်အနေဖြင့် လူနည်းစုများကို “ရိုဟင်ဂျာ” ဟု သုံးနှုန်းမည် မဟုတ်ကြောင်း၊ အသုံးအနှုန်းအခေါ်အဝေါ်သည် ပြဿနာဖြစ်စေနိုင်သောကြောင့် ဖြစ်ကြောင်း ယခု အပတ်အတွင်း တွင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံသို့ လာရောက်သည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စား လှယ်ကို အတိအလင်း ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကြား ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ မွတ်စလင် ၁၂၀ ၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်ကြဆဲဖြစ်ကြောင်း သိရှိရသည်။
ဆင်းရဲနွမ်းပါးမှုနှင့် ဖိနှိပ် ကန့်သတ်မှုတို့ကြောင့် ထောင်နှင့် ချီ၍ ထွက်ပြေးခဲ့ကြပြီး နှိပ်စက်ခြင်း၊ ကွပ်မျက်ခြင်းနှင့် လူသား မျိုးနွယ်ကို ဆန့်ကျင် သည့် အခြား ရာဇဝတ်မှုများ အပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု ကုလသမဂ္ဂက ဇွန်လ ၂၀ ရက်နေ့ တွင်ပြောကြားခဲ့သည်။
“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက မြန်မာနိုင်ငံမှာ ထိရှလွယ်တယ်ဆိုတာ ကျနော်တို့ သတိထားမိပါတယ်။ အစွန်းတဖက် တည်းကို ဦးတည်တဲ့ အသုံးအနှုန်းတွေ အသုံးပြုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ တင်းမာမှုတွေကို ရှောင်ရှားဖို့ အစိုးရက တောင်း ဆိုခဲ့တာကိုလည်း ကျနော်တို့ ကြားရပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် Roland Kobia က သတင်းထောက် များကို ပြောသည်။
“ဒီလို ကာလရှည်ပြဿနာ အတွက် အဖြေတခုရှာရာမှာ ဖြေးဖြေးမှန်မှန် သွားနိုင်ဖို့ ကျနော်တို့က နိုင်ငံရေးအရ အခြေ အနေ ပေးဖို့ လိုပါတယ်။” ဟုလည်း သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရက ရိုဟင်ဂျာ အစား “ရခိုင်ပြည်နယ်မှ မွတ်စလင် အသိုင်းအဝိုင်း” ဆိုသည့် အခေါ်အဝေါ်သစ် ကို အဆိုပြုထားသော်လည်း ဆန့်ကျင်ကန့်ကွက်မှုများ အလျှင်အမြန်ပေါ်ပေါက်လျက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ထောက်ခံသူ အများအပြားရှိပြီး ရခိုင် ဗုဒ္ဓဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ရခိုင် အမျိုးသား ပါတီ(ANP)က အစိုးရသစ်က ဘက်လိုက်ခဲ့ကြောင်းပြောပြီး အသုံးအနှုန်းသစ်ကို ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။
“အခေါ်အဝေါ်သစ်ကို အသုံးပြုခြင်းအားဖြင့် ဒီဘင်္ဂါလီတွေရဲ့ မူလနေရာကို ပစ်ပယ်ပြီး သူတို့တွေက ရခိုင်ပြည်နယ်ဖွား တွေဖြစ်တယ်လို့ အဓိပ္ပာယ် သက်ရောက်စေတယ်လို့ ကျနော်တို့ ယူဆပါတယ်။” ဟု ANP ပါတီ ၏ ကြေညာချက် တစောင် တွင် ဖော်ပြထားသည်။
Women Peace Network Arakan မှ မဝေဝေနုက အစိုးရ အနေ ဖြင့် တိုင်းရင်းသား လူနည်းစုများကို ကာကွယ် ပေးသင့်ကြောင်း သူတို့ အသံများကို နားထောင်ဆွေးနွေးသင့် ကြောင်းပြော သည်။ “ဘာကြောင့် ကျမတို့ရဲ့ ကိုယ်ပိုင် လက္ခဏာကို ငြင်းပယ်နေကြတာလဲ။ ဘာကြောင့် ဖြစ်နိုင်ခြေရှိတဲ့၊ အပြုသဘော ဆောင်တဲ့၊ အားလုံးပါဝင်တဲ့ ခြေလှမ်း တွေနဲ့ ရှေ့ဆက်မသွားရတာလဲ။” ဟု သူက မေးခွန်းထုတ်ခဲ့သည်။
“အစိုးရအနေနဲ့ လူနည်းစုတွေအပေါ် ပစ်မှတ်ထားပြီး ဖိနှိပ်ခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းတွေကို ဖြေရှင်းသင့်ပါတယ်။ သူတို့ရဲ့ လူမျိုး၊ စရိုက်လက္ခဏာနဲ့ အမည်တွေကို လေးစားခြင်းအားဖြင့် သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသင့်ပါတယ်။” ဟု မဝေဝေနုက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee သည် ဒေါ်အောင်ဆန်း စုကြည် အစိုးရ လက်ထက်တွင် ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံအတွင်း လှည့်လည်လေ့လာနေသည်။
အကယ်၍ Yanghee Lee သာ မိုက်မဲခဲ့လျှင် သူ့ကို သစ်သားခုံဖိနပ် ဖြင့်ရိုက်၍ ဆုံးမမည်ဟု အမျိုးသားရေးဝါဒီ ဘုန်း တော် ကြီး ဦးဝီရသူက ခြိမ်းခြောက်ခဲ့သည်။ နိုင်ငံရေးပွဲစား တယောက်၊ တဘက်တည်းမှ ရပ်တည်ပြီး ပြဿနာ မီးမွှေးနေသူ၊ တိုင်းပြည်ကို အခြားသူများ ထံသို့ ရောင်းစားနေသူ အစရှိသဖြင့် စွပ်စွဲလိုက်သည်။
၂၀၁၅ နှစ်တွင် Yanghee Lee က ဥပဒေများသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် အမျိုးသမီးများ အပေါ်ခွဲခြားသည့် ဥပဒေများ ဖြစ်သည် ဟုဝေဖန်ခဲ့သဖြင့် ဦးဝီရသူက သူ့ကို မိန်းမပျက်တဦးဟု ခေါ်ဆိုခဲ့သည်။
ယခုအချိန်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တိုး တက်ရေးအတွက် ကော်မတီတခုကို မေလအတွင်းက ဖွဲ့စည်းခဲ့သော်လည်း ကော်မတီ၏ အစီအစဉ်များက ရှင်းလင်းမှု မရှိသေးပါ။
(THOMSON REUTERS FOUNDATION ၏ ဇွန်လ ၂၃ ရက်နေ့ ရေးသားထားသော EU Says Burma Needs “Space” to Deal with Rights Abuses ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်)