မြန်မာ့ ကျောက်စိမ်း ထုတ်လုပ်မှုကို လျှော့ချ၍ တန်ဖိုးမြင့် ကျောက်စိမ်း အချောထည်များ ထုတ်လုပ်ရောင်းချနိုင်ရန် အစိုးရက စီစဉ်နေသဖြင့် လုံးခင်း၊ ဖားကန့်၊ မိုးညှင်းနှင့် ခန္တီးစသည့် ဒေသများမှာ ကျောက်စိမ်း လုပ်ကွက်များ လုံး၀ ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။
ဇွန်လ ၂၄ ရက်နေ့က မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲသို့ တက်ရောက်လာစဉ် ဦးဝင်းထိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လုပ်ကွက် လျှော့တာ မဟုတ်ဘူး။ သက်တမ်းကုန်ရင် သက်တမ်းတိုး မပေးတာ။ ဖားကန့်လို နေရာမျိုးမှာ နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှု Plan တွေ ပြန်ဆွဲမယ်။ ဆွဲပြီးတော့မှ ထုတ်လုပ်တာကို ပြန်ပြီး ခွင့်ပြုမယ်။ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ဘဲ ထုတ်နိုင်မှ လုပ်ကွက်တွေကို ပြန်ချပေးသွားမယ်” ဟု ဦးဝင်းထိန်က ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် ကျောက်စိမ်း လုပ်လက်စ လုပ်ကွက်များကိုသာ ဆက်လုပ်ခွင့်ပြုထားခြင်း ဖြစ်ပြီး သက်တမ်းကုန် လုပ်ကွက်များကို ထပ်မံ ခွင့်ပြုခြင်း မရှိတော့ကြောင်း၊ ဖားကန့်ဒေသ အပါအဝင် ကျောက်စိမ်းထွက်ရှိသည့် ဒေသအားလုံးရှိ ကျောက်စိမ်းလုပ်ကွက်များ သက်တမ်းကုန်ပါက ကျောက်စိမ်း ထုတ်လုပ်မှုကို လုံး၀ ရပ်တန့်ထားရန် သတ္တုတွင်းဝန်ကြီးဌာနက ဆုံးဖြတ်ထားကြောင်း သိရသည်။
ကျောက်စိမ်း ထုတ်လုပ်မှုကို လျှော့ချသကဲ့သို့ ရောင်းချမှုကိုလည်း လျှော့ချသွားတော့မည် ဖြစ်ကြောင်း၊ ယခင်နှစ်များက နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ၁၀၀၀၀ ခန့်အထိ ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ကျောက်စိမ်းတွဲ ၆ ထောင်သာ တင်ရောင်း၍ အချောထည်များကို ဦးစားပေး ရောင်းချလျက်ရှိသည်ဟု သိရသည်။
“ကျောက်စိမ်းက မြန်မာပြည် တပြည်တည်း ထွက်တာလေ။ နည်းနည်း ရောင်းရလည်း ဈေးကွက် ပျက်မသွားဘူး။ တရုတ်ပြည်ဈေးကွက် ထိခိုက်တယ် ဆိုပေမယ့် ရေရှည် သားစဉ်မြေးဆက် အကျိုးခံစားနိုင်အောင် နည်းနည်းရောင်းပြီး တန်ဖိုးမြှင့် ထုတ်ကုန်တွေပဲ ရောင်းချသွားမှာပါ” ဟု ဦးဝင်းထိန်က ပြောသည်။
ကျောက်စိမ်းရိုင်း ထုတ်လုပ်မှုလျှော့ချရသည့် တခြားအကြောင်းရင်းတခုမှာ ကျောက်မျက်ပြပွဲတခု ကျင်းပပါက လာရောက်သည့် လူဦးရေ၏ ထက်ဝက်ခန့်ကသာ အရိုင်းတုံးကို ဝယ်ယူ၍ ဖြစ်သည်ဟုလည်း သိရသည်။
ယခု ၅၃ ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၆ ထောင်ကျော်နှင့် ပုလဲတွဲပေါင်း ၃၀၀ ကျော်၊ ကျောက်မျက် တွဲပေါင်း ၆၀၀ ပြသရောင်းချမည် ဖြစ်ပြီး နိုင်ငံခြားသား လုပ်ငန်းရှင်များတွက် စပေါ်ငွေ ယူရို ၅ သောင်း သတ်မှတ်ထားသည်ဟု သိရသည်။
“အရင်တုန်း ဒီလိုဈေး မသတ်မှတ်ခဲ့လို့ လာတဲ့သူသာများပြီး အရောင်းအဝယ်နည်းခဲ့လို့ ဈေးကွက်ပျက်တာတွေတောင် ရှိခဲ့တယ်။ တန်ဖိုးတွေ အများကြီးပေးပြီး တကယ်ကျတော့ မဝယ်ကြဘူူး။ ဈေးတွေ အပြိုင်အဆိုင်ပေးတယ်။ ယူရို ၅ သောင်းလောက်တန်တဲ့ ပစ္စည်းက ယူရို တသိန်းကျော်လောက် ဖြစ်သွားပေမယ့် တကယ်ငွေမချေကြဘဲ အရောင်းအဝယ်တွေ ပျက်သွားတာရှိလို့ စပေါ်ငွေကို တိုးလိုက်တာ” ဟု ဦးဝင်းထိန်က ပြောသည်။
ယခုလို စပေါ်ငွေ တိုးမြှင့်ထားသဖြင့် တကယ် ဝယ်မည့်သူများသာ လာပြီး ဈေးလည်း အမှန်ရကြောင်း၊ ယခင်က ကျောက်မျက်ပွဲ တပွဲလျှင် ယူရို ၁ ဘီလီယံ လောက်အထိ ရောင်းရသော်လည်း တကယ်ငွေအကြေ ရရှိသည့်အခါ ယူရို သန်း ၈၀၀ ခန့်သာ ရှိရာ ယူရိုသန်း ၃၀၀ မှာ အရောင်းအဝယ် ပျက်သွားရသဖြင့် စပေါ်ငွေကို တိုးထားရခြင်း ဖြစ်သည်ဟု သိရသည်။