သူရဦးရွှေမန်း၏ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁)၊ (၄၇) နှစ်မြောက် ကျောင်းဆင်းပွဲ နှစ် ပတ်လည် အထိမ်းအမှတ် မေတ္တာ မွန်စာလွှာသတင်းကို ဖော်ပြခဲ့သည့် 7 Day Daily မှ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နှင့် သတင်းထောက် မင်းဟိန်းကျော် တပ်မတော်က ဇွန်လ ၂၅ ရက်နေ့တွင် ပုဒ်မ ၁၃၁ ဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
ပုဒ်မ ၁၃၁ သည် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဆိုင်သော ပြစ်မှု ဖြစ်ပြီး တပ်မတော်သားများ စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို အားပေးခြင်း၊ နိုင်ငံတော်သစ္စာဖောက်ဖျက်စေရန် လည်းကောင်း၊ တာဝန်ဝတ္တတရား မဆောင် ရွက် စေရန် အားထုတ်လျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဧပြီလ ၂၄ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်းဆိုသော သတင်းကို ဖော်ပြထားပြီး ယင်းသတင်းတွင် သူရ ဦးရွှေမန်း၏ မေတ္တာမွန်စာလွှာကို သတင်းအဖြစ် ပြန်လည်ရေးသားတင်ပြထားခြင်းဖြစ်ကြောင်း၊ အဓိက အားဖြင့် နိုင်ငံတော်က ကျွေးသော ထမင်းများကိုစား၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိ ရိုသေရမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ 7 Day Daily သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်းရေးသား သူ မင်းဟိန်းကျော်တို့ကို ဒုတိယဗိုလ်မှူးကြီးလင်းထွန်းဆိုသူက ကမာရွတ်မြို့မရဲစခန်းတွင် ဇွန်လ ၂၅ ရက်နေ့က စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို အားပေးမှုဟု ခေါ်ဆိုသည့် ပုဒ်မ ၁၃၁ ဖြင့် အမှုဖွင့်ကြောင်း သိရှိရသည်။
ဧရာဝတီ သတင်းဌာနက ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းကို တပ်မတော်က ပုဒ်မ ၁၃၁ ဖြင့် 7 Day Daily ကို အမှုဖွင့်မှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “ အဲဒါတွေက စစ်ဌာနချုပ်က လုပ် တာ ဖြစ်ပါ လိမ့် မယ်။ ဒါမျိုးတွေက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေကပဲ လုပ်ကြတာပါ။ တိုက်ရိုက် မ လုပ် ပါဘူး။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေကပဲ လုပ်ကြတာပါ” ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောဆိုသည်။
7 Day Daily အမှုကို ကိုင်တွယ်နေသော ကမာရွတ်ရဲစခန်းမှ ဒုတိယရဲမှူး သိန်းဟန်က လတ်တလော တပ်မတော် ၏ တိုင်ကြားချက်ကို စစ်ဆေးနေပြီး သက်ဆိုင်ရာဂျာနယ်တိုက်သို့ အကြောင်းကြား သွားမည်ဖြစ် ကြောင်း ပြောဆိုသည်။
“စစ်ဆေးပါပဲ။ တိုင်တဲ့ ပုဒ်မတွေကို စိစစ်ပြီး လုပ်ဆောင် နေပါတယ်။ သက်ဆိုင်ရာဂျာနယ်ကို အကြောင်း ကြားဖို့တွေကလည်း စိစစ်လုပ်ဆောင်နေဆဲပါပဲ” ဟု ဒုတိယရဲမှူး သိန်းဟန်က ဆိုသည်။
7 Day Daily ၏ ဒုတိယအယ်ဒီတာချုပ် ဦးအားမာန်ကမူ လတ်တလော တစုံတရာ မှတ်ချက်မပြုလိုဘဲ တရားဝင် အကြောင်း ကြားခြင်းလည်းမ ရှိသေးဟု ဆိုသည်။
“အခုကတော့ ဘာမှ မသိရသေးဘူး။ သိရရင် အားလုံးကို အသိပေးပါ့မယ်။ အခုက ရဲစခန်းက ဖုန်းဆက်ပြီး လှမ်းမေး တာတော့ရှိပါတယ်။ တရားဝင် အကြောင်း ကြား တာမျိုး တော့ မရှိသေး ပါဘူး”ဟု ဦးအားမာန်က ရှင်းပြသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ဦးမြင့်ကျော်ကမူ တပ်မတော်က 7 Day Daily ကို တပ်မတော်က စစ်ပုန်ကန်မှု ကျူးလွန်ခြင်း အားပေးမှု ဖြင့် အမှုဖွင့်ခြင်းသည် မီဒီယာများအား ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ 7 Day Daily သတင်းတွင် ကျင့်ဝတ်ပိုင်းအရ ချိုးဖောက်မှု တစုံတရာ မရှိကြောင်း ပြောဆိုသည်။
“တပ်မတော်နဲ့ ပတ်သက်တာတွေကို လက်ရှောင်စေချင်လို့ ဒီလိုလုပ်တယ်လို့ ထင်ပါတယ်။ ကြောက်အောင် လုပ် တဲ့ သဘောပဲ။ ကျင့်ဝတ်အရ 7 day သတင်းက ချိုးဖောက်တာမျိုးမရှိဘူး။ ကျင့်ဝတ် အတိုင်းရေးထားတာပါပဲ”ဟု ဦးမြင့်ကျော်က ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က 7 Day Daily ကို ကြီးလေးသော ပြစ်မှုဖြင့် တပ်မတော်က အမှုဖွင့်ခြင်းအပေါ် နားမလည်နိုင်အောင်ဖြစ်ရကြောင်း၊ ဒီမိုကရေစီခေတ်တွင် သတင်းမီဒီယာများကိုသာမက အားလုံးကို တပ်လှန့်သည့် သဘောဟု ထင်မြင်မိကြောင်း ပြောဆိုသည်။
“ဒီပုဒ်မက တကယ်တော့ အင်မတန်ကို ကြီးလေးတဲ့ ပုဒ်မပါပဲ။ ဒါမျိုးကို သုံးပြီး ဖွင့်တယ်ဆိုတာက ကြောက် အောင် လုပ်တယ်ဆိုတာထက် ဆတ်ဆတ်ထိမခံဘဲ တုံ့ပြန်တတ်တယ်ဆိုတာကို ပြသတာပါပဲ” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။