သတင်း

ပဋိပက္ခဖြစ်ပွားခဲ့သည့် သူရဲသမိန်ရွာမှ အစ္စလမ်ဘာသာဝင် ၂၀၀ ခန့် ပြောင်းရွှေ့

This article has been converted from Zawgyi One to Unicode

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှ အစ္စလမ်ဘာသာဝင်များမှာ နီးစပ်ရာ မြို့များရှိ ဆွေမျိုးများထံ ဇွန်လ ၂၅ ရက်မှ စတင်ကာ ပြောင်းရွေ့မှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးရွာအတွင်း ဇွန် ၂၃ ရက်နေ့က ဘာသာရေး ပဋိပက္ခ အသွင် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြဿနာများ ထပ်မံဖြစ်ပွားမှုမရှိသော်လည်း အစ္စလမ် ဘာသာဝင်များသည် လုံခြုံရေးကို စိုးရိမ်သည့်အတွက် ပြောင်းရွေ့သွားကြခြင်းဖြစ်ကြောင်း ဒေသခံ အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ဦးဝင်းရွှေ က ဧရာဝတီသို့ပြောသည်။

ဦးဝင်းရွှေက “အားလုံး ၂၆၈ ယောက်ရှိတာမှာ ၂၀၀ နီးပါးလောက်  ပြောင်းသွားပြီ။ အခုရွာမှာ ၇၀ လောက် ကျန်တယ်၊ တိုင်းရဲမင်းကြီးလာတဲ့ စနေနေ့ညကတည်းက ၄၆ ယောက်က လုံခြုံရေးတွေနဲ့ လိုက်သွားတာ”ဟု ပြောသည်။

ကျေးရွာအတွင်း ပဋိပက္ခများ ထပ်မံဖြစ်ပွားမှု မရှိစေရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ဇွန်လ ၂၅ ရက်က စတင်၍ ရဲတပ်ဖွ့ဲဝင်အင်အား ၁၀၀ အထိတိုးမြှင့်ကာ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဆင့်က ပြောသည်။

ဦးလှဆင့်က “ကျနော်သိသလောက်တော့ အသက်ကြီးပိုင်းနဲ့ မိသားစုတချို့လောက်ပါပဲ ရွေ့ပြောင်းတာ။ ကျနော်တို့က အခြေအနေတည်ငြိမ်အောင် လုပ်ဆောင်နေလို့ အားလုံးလည်း အေးဆေးပါပဲ”ဟု ပြောသည်။

ပဋိပက္ခမှာ ဇွန် ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှစ်ဦးနှင့် အစ္စလမ်ဘာသာဝင် အဒူရာရှစ် တို့ ပုဂ္ဂိုလ်ရေးစကားများရာက စတင်ခဲ့ခြင်းဖြစ်ပြီး အဒူရာရှစ်၏ နေအိမ်ရှေ့ပိုင်းနှင့် ဆောက်လက်စ အဆောက်အအုံတခု၊ ဗလီဝတ်ပြုကျောင်းနှင့် အစ္စလမ်သချၤိုင်းမှာ ဖျက်ဆီးခံခဲ့ရသည်။

ဇွန် ၂၄ ရက် ညနေပိုင်းတွင်လည်း အစ္စလာမ်ဘာသာဝင် အမျိုးသားတဦး၏ အော်ဟစ်မှုကြောင့် အထိတ်တလန့်ဖြစ်ကာ အစ္စလာမ်ဘာသာဝင် မိသားစုအချို့ ရဲစခန်းအတွင်းသို့ ထပ်မံ ဝင်ရောက်ခိုလှုံ ညအိပ်ခဲ့ကြရသည်။

ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဇွန်  ၂၆ ရက်တွင် ကျေးရွာရှိ ဗုဒ္ဓဘာသာဝင်အချို့ကို ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူမှု တစုံတရာမရှိသေးကြောင်း သိရသည်။

ဝေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းလွင်က “အခြေအနေက အားလုံးအေးဆေးပါပဲ။ တချို့သတင်းတွေက လျှောက်ပြောနေကြတာပါ။ ပြောင်းကြတယ်ဆိုတာလည်း ဟိုသွားဒီသွားက အစ စာရင်းလိုက်ကောက်နေရရင် ဘယ်လိုဆုံးတော့မှာလဲ” ဟု ပြောသည်။

ပြဿနာစတင် ဖြစ်ပွားစေခဲ့သူ အဒူရာရှစ်သည် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး သူရဲသမိန်ကျေးရွာ၊ အပိုင်း ၂ အတွင်းရှိ ဗလီဝတ်ပြုကျောင်းအနီးတွင် ဂိုထောင်ကဲ့သို့ အဆောက်အအုံ ၁ ခု ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါကိစ္စကို ဗုဒ္ဓဘာသာဝင် ဦးရေ ၉၀၀ ခန့်က ရွာအုပ်ချုပ်ရေးမှူးထံ လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့ကြောင်း သိရသည်။

Loading