ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်စေရေး ချက်ခြင်း အရေးယူ ဆောင်ရွက်ပေးရန် လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ (International Day in Support of Victims of Torture) ဖြစ်သည့် ဇွန် ၂၆ ရက်တွင် အစိုးရအား တောင်းဆိုလိုက်သည်။
“အမှန်တရားကို ဖော်ထုတ်နေတဲ့ သူတွေကို ဒီလို အမြဲနှိပ်စက်နေတာက ဓလေ့တခုလို ဖြစ်နေတယ်။ အရင်အစိုးရ ကျူးလွန်ခဲ့တဲ့ အပြစ်ကင်းလွတ်ခွင့် ရနေတဲ့ဓလေ့ကို ပြောင်းလဲပေးစေချင်တယ်။ ပြစ်မှု ကျူးလွန်ထားတာကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ တရားဝင် တောင်းပန်ရပါမယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် ဒေါ်စိုးစိုးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက်က မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှု အသင်း (ရန်ကုန်) တွင် ပြုလုပ်ခဲ့ပြီးနောက် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ)၊ ဝိမုတ္တိ လူမှုဝန်ထမ်းအဖွဲ့၊ တအာင်း အမျိုးသမီးအဖွဲ့နှင့် အာရှ တရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာ အဖွဲ့တို့က အစိုးရအား အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်ခံရမှုများနှင့် ပတ်သက်ပြီး တအာင်းအမျိုးသမီး အဖွဲ့ဝင် လွေးပိုးကျိန်က “ညှဉ်းပန်းနှိပ်စက်ခံရတဲ့ လူတွေရဲ့ဘဝကို ပြန်လည် ကုစားပေးစေချင်တယ်။ ပြန်လည် ထူထောင်ပေးစေချင်တယ်။ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ နောက်ထပ် ဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေကို ထပ်ပြီး မမြင်ချင်တော့ဘူး။ နှိပ်စက်ခံရပြီဆိုရင် ကျန်းမာရေးအရရော၊ လူမှုရေးအရရော သူတို့မှာ ဆက်လက် ရှင်သန်ရပ်တည်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ ဒေသခံ အရပ်သမားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို အာဏာပိုင် အဖွဲ့အစည်းများက ကျူးလွန်ခဲ့ကြပြီး ထိုသို့ ညှဉ်းပန်း နှိပ်စက်မှု အလေ့အကျင့်များကို နိဂုံးချုပ်ရန် အစိုးရက တာဝန် အပြည့်အဝရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ပြောဆိုသည်။
ညှဉ်းပန်းနှိပ်စက်ခံရပြီး ရှင်သန် လွတ်မြောက်လာသူများအား အစိုးရ၏ အသိအမှတ်ပြုခံရရေး၊ ၎င်းတို့ဘ၀ ပြန်လည် ထူထောင်နိုင်ရေး ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးရေး၊ လူမှုစီးပွားနှင့် ဘဝတိုးတက် မြင့်မားလာရေးအတွက် အစိုးရက အကောင်အထည် ဖော်ပေးရန် အရေးတကြီး လိုအပ်လျက်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။
နိုင်ငံတကာ ဥပဒေအရ ညှဉ်းပန်းနှိပ်စက်မှုကို တင်းကြပ်စွာ တားမြစ်ထားပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် – ၅ တွင် “မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း မရှိစေရ” ဟု ဖော်ပြထားသောကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် ထိုစံနှုန်းများကို လိုက်နာရန် ဝတ္တရားရှိသည်ဟု လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) တို့က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ညှဉ်းပန်းနှိပ်စက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် ကျင့်သုံးနေပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ၇၂ ရာခိုင်နှုန်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် ၇၅ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်ခဲ့ကြရကြောင်း ဖော်ပြထားသည်။