ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အားလုံးပါဝင်သည့် ညီလာခံတရပ်ကို ဇူလိုင်လအတွင်းကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုင်းရီက “RCSS နဲ့ KIO က ညီလာခံ လုပ်မယ့် ရက်ကို ဆွေးနွေးနေဆဲဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်လိမ့်မယ်။ ညီလာခံဖြစ် မြောက်ဖို့အတွက် တရုတ်အာဏာပိုင်တွေခွင့်ပြုဖို့အတွက် တပ်မတော်က မီးစိမ်းပြဖို့လိုတယ်” ဟု ပြောဆိုသည်။
တိုင်းရင်းသား ညီလာခံ ကျင်းပရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ၂ ဗိုလ်ချုပ်ဂွန်မော်နှင့် ရှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်ချုပ်ယွတ်ဆစ်တို့သည် ဇွန်လ အစောပိုင်း က တွေ့ဆုံ သဘောတူညီ ထား ခြင်းဖြစ်သည်ဟု ဦးစိုင်းရီက ပြောသည်။
တိုင်းရင်းသား ညီလာခံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ဆွေးနွေးမည့်အချက်များ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေ သည့် နိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသည့် ပင်လုံသဘောတူညီမှုအသစ်များ ရရှိရန် မည်သို့ဆောင်ရွက်ကြမည် ဆိုသည့် အချက် များကို အဓိကဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တချို့ က ဧရာဝတီကို ပြောသည်။
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ ညီလာခံကို အပစ်ရပ်တဲ့အဖွဲ့တွေ မရပ်တဲ့ အဖွဲ့တွေဆိုပြီး ခွဲခြားခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ကြမယ်” ဟု ပြောသည်။
၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် အချက်များနှင့် ညီလာခံ၌ ပါဝင်ရန်ခက်ခဲနေသည့် အဖွဲ့အစည်းများ၏ သဘောထားများကို ရယူသွားမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
ယခုကဲ့သို့ ညီလာခံကျင်းပရန် စီစဉ်ခြင်းမှာ တိုင်းရင်းသားများဘက်မှ အစီအစဉ်သက်သက်သာဖြစ်ပြီး အစိုးရ၏ သဘောထား ကို မေးမြန်းရန်လိုအပ်မည် ဖြစ်ကြောင်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့သည် အစိုးရနှင့် လာမည့်ဇွန်လ ၂၈ ရက်တွင် တွေ့ဆုံရာ၌ ထိုညီလာခံကိစ္စကို ထည့်သွင်းပြောဆိုရန် စီစဉ်ထားသည်ဟု RCSS မှ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
“အားလုံးတွေ့နိုင်ဖို့အရေးက အစိုးရရဲ့သဘောဆန္ဒတွေပါရင် ပိုပြီးသင့်တော်တာပေါ့။ ဒါမှ သွားရေးလာရေး ကျနော်တို့ တွေ့ဆုံရေးတွေက ပိုပြီး ချောမွေ့အဆင်ပြေမယ်။ အစိုးရက ခွင့်မပြုဘူးဆိုရင် တမျိုးပြောင်းလဲနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။
ယခင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA ) ၊ ပလောင်( တအာန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ကို အသိ အမှတ်မပြုခဲ့ဘဲ တပ်မတော်ကလည်း ယင်းအဖွဲ့ ၃ ဖွဲ့ အပေါ် သဘောထားတင်းမာနေဆဲဖြစ်ရာ အစိုးရသစ် လက်ထက် ကျင်းပမည့် ၂၁ ရာစုံ ပင်လုံညီလာခံ တက်ရောက် အခက်အခဲဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိခေတ် နိုင်ငံရေးနှင့် ကိုက်ညီသည့် တိုင်းရင်သား အားလုံးပါဝင်သည့် ၂၁ ရာစု ပင်လုံညီလာခံတရပ်ကို ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပမည်ဟု ပြောဆိုထားသည်။