ရခိုင်ပြည်နယ်ရှိ သဘာ၀ အရင်းအမြစ် သယံဇာတများကို ဒေသခံများကိုယ်တိုင် စီမံဆုံးဖြတ်ခွင့်ရရှိရေးလှုပ်ရှားမှုတရပ် အဖြစ် လူထု လက်မှတ်ကောက်ခံမှုကို ၂၀၁၆ ဇူလိုင်လကုန်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရခိုင့်သယံဇာတခွဲဝေရရှိရေးလှုပ်ရှားမှု” ဟု အမည်ပေးထားသည့် ယင်းလှုပ်ရှားမှုကို ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၀ ကျော်ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့သယံဇာတကွန်ရက်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လက်မှတ် ကောက်ခံမှုများကို ၂၀၁၆ ဇွန်လဆန်းကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ သယံဇာတကွန်ရက်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းကြည်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ လှုပ်ရှားမှုစတင်ရန် ၂၀၁၆ မေလတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း၊ လက်မှတ် ကောက်ခံမှုများကို ရခိုင်ပြည်နယ်တခုလုံးတွင် ကောက်ခံသွားမည်ဖြစ်ပြီး လက်မှတ် ၃ သိန်း ပြည့်သည် အထိကောက်ခံသွားရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ရှင်းပြသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ အရ မြေထု၊ လေထု၊ ရေထု သယံဇာတအားလုံးကို နိုင်ငံတော် ကသာပိုင်ဆိုင် တယ် ဆိုတဲ့ဟာကို နိုင်ငံတော်ကသာပိုင်တာမဟုတ်ဘဲ ပြည်သူလူထုပိုင်ပါတယ်ဆိုတာကို အစိုးရဘက်၊ လွှတ်တော် ဘက်က ပြန်လည်ပြီးပြင်ပေးဖို့အတွက် တောင်းဆိုတာပါ။ ဒါက ရခိုင်တမျိုးသားလုံးရဲ့ ဆန္ဒကိုတင်ပြခြင်းဖြစ်ပါ တယ်” ဟု ဦးထွန်းကြည်က ဆိုသည်။
ကောက်ခံပြီးသည့် လက်မှတ်များကို ဇူလိုင်လကုန်တွင် အပြီးသတ်စုစည်းပြီးနောက် နိုင်ငံတော်သမ္မတ၊ ပြည်နယ်လွှတ် တော်အပါအဝင် လွှတ်တော်အသီးသီးနှင့် သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယင်းလှုပ်ရှားမှုကို ထောက်ခံပြီး ယင်းတောင်းဆိုချက်များ သည် ပြည်သူများ၏လိုလားချက်ဖြစ်သောကြောင့် လွှတ်တော်ထဲသို့ရောက်ရှိလာလျှင် လွှတ်တော်အပိုင်းမှ တစုံတခုလုပ် ပေးနိုင်မည်ဟုမျှော်မှန်းကြောင်း ပြောဆိုသည်။
ရခိုင်ပြည်နယ်၏ သယံဇာတခွဲဝေသုံးစွဲရေးနှင့်ပတ်သက်ပြီး လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာပြည်နယ် နှင့်တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များသည် ကန့်သတ်ခံထားရသည့်အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ရမည်ဖြစ်ကြောင်း လွှတ်တော်အမတ် ဦးဖေသန်းက ဆက် ပြောသည်။
“ဒါဟာ Resource Sharing ကိုလုပ်နိုင်တဲ့ တနည်းအားဖြင့် ဖက်ဒရယ် စနစ်ကို ပီပြင်အောင်ဖော်ဆောင်နိုင်မယ့် တွန်းအား တွေ ဖြစ်လာမယ်လို့ ယူဆပါတယ်။ လောလောဆယ်မလုပ်နိုင်ပေမယ့် ဒီလိုဖြစ်ပေါ်ဖို့အတွက် ပြည်သူတွေမှာ ဆန္ဒရှိတယ် ဆိုတာကို ဖော်ထုတ်ရာရောက်တဲ့အပြင် ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ဖို့အတွက် စိုက်လိုက်မတ်တတ်ကြိုးစားနေတဲ့ နိုင်ငံတော်အစိုးရကို ပိုပြီးတော့တွန်းအားတခုဖြစ်စေလိမ့်မယ်။ အထောက်အကူတခုဖြစ်စေလိမ့်မယ်” ဟု ဦးဖေသန်းက ရှင်းပြသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇(က)တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေ ပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်။
ပြည်သူ့သယံဇာတကွန်ရက်သည် ဗဟိုချုပ်ကိုင်မှုလျော့ချရေးနှင့်သယံဇာတခွဲဝေရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး “သယံဇာတ ကျိန်စာ ကိုတိုက် ဖျက်ခြင်းနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း” ဆိုသည့် အစီရင်ခံစာတစောင်ကိုလည်း ၂၀၁၅-၁၆ တွင် ထုတ်ဝေခဲ့ ကြောင်း သိရ သည်။