သတင်း

၂၁ ရာစုပင်လုံ ညီလာခံ သြဂုတ်လတွင် ကျင်းပရန် သဘောတူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ရည်ရွယ်၍ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကို ၂၀၁၆ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ တို့အကြား သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်ရှိ Horizontal Lake View ဟိုတယ်တွင် ကျင်းပသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း သဘောတူညီနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျစေဘဲ ကျင်းပဖို့ ဒီနေ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်။ တနိုင်ငံလုံး အပစ်ရပ်စာချုပ်အရ သွားနေတာတွေနဲ့ အခု အသစ်ပေါ်လာတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ လုပ်ငန်း သဘော သဘာဝတွေက တူညီနေတာရှိတယ်” ဟု ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားများ တောင်းဆိုသည့် အဓိက အချက်မှာ ၂၁ ရာစု ပင်လုံညီလာခံတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ခွင့် ရရှိရေး မူဖြစ်ပြီး ယင်းတင်ပြချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘောတူညီခဲ့သည်ဟု ညီလာခံ ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ဒီညီလာခံမှာ အားလုံး ပါဝင်နိုင်ဖို့နဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်တဲ့ အခါမှာ ဖက်ဒရယ်စိတ်ဓာတ်နဲ့ ပါဝင်ဖို့က အဓိက ဖြစ်တယ်ပေါ့လေ။ နောက်တခုက ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ အပြန်အလှန် ဆွေးနွေးနိုင်တာကို ဝမ်းသာတယ်၊ အားရကျေနပ်တယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

အစိုးရအနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံချက်ရှိရှိဖြင့် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ခွဲထွက်မည့် ကိစ္စကို ထည့်ပြောစရာပင် မလိုကြောင်း၊ ကြီးနိုင်ငယ်ညှဉ်း အလုပ်ခံရခြင်းနှင့် ခွဲခြား ဆက်ဆံခံရပါက မည်သူမဆို ခွဲထွက်ချင်မှာ ဖြစ်ကြောင်း PPST ၏ ညှိနှိုင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ “အဓိကကတော့ ယုံကြည်မှု တည်ဆောက်ပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ပူးပေါင်း ဆောင်ရွက်သွားဖို့ နည်းလမ်းတွေ ကျနော်တို့က တင်ပြတယ်။ ပြန်လည် နေရာချထားရေးတို့ ဖွံ့ဖြိုးရေးတို့လို လုပ်ငန်းတွေ အရင် အစိုးရနဲ့ လက်မှတ်ထိုး ထားတဲ့ ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်ဖို့ လုပ်ငန်းတွေ ဆွေးနွေးပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် လျှို့ဝှက် ရည်မှန်းချက် မရှိဘဲ ပြည်ထောင်စု နိုင်ငံသူနိုင်ငံသားများ အားလုံး ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ရန် ဆိုသည့် ရည်ရွယ်ချက်သာ ရှိသဖြင့် ယခုကိစ္စသည် အားလုံးပါဝင်မှသာ အောင်မြင်မည် ဖြစ်သဖြင့် အားလုံးကို ဖိတ်ခေါ်ကြောင်း ပြောသည်။

“ဒီကိုလာတဲ့ အခါမှာ ပေးဖို့လာတယ်ဆိုတဲ့ စိတ်၊ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်ဖို့အတွက် ကျနော်တို့ကျမတို့ ဘာပေးနိုင်လဲဆိုတဲ့ စေတနာ အပြည့်နဲ့ ဒီအစည်းအဝေးကို အောင်အောင်မြင်မြင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က UNFC ကို နေပြည်တော်တွင် တွေ့ဆုံရန် ဖိတ်ကြားထားပြီး လာမည် ၃ ရက်အတွင်း UNFC ဘက်မှ ကြိုတင်ညှိနှိုင်းသည့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ နေပြည်တော်သို့ လာရောက်မည် ဖြစ်ကြောင်း၊ ထို့နောက် ဇူလိုင်လ ပထမအပတ်တွင် UNFC ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေး အကြိုအစည်းအဝေး လာမည့် ဇူလိုင်လ ၃ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့တွင် အပစ်ရပ် ၈ ဖွဲ့နှင့် ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီတို့ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဦးလှမောင်ရွေက ပြောသည်။

“အဲဒါပြီးရင် ဆပ်ကော်မတီ ၁၊ ၂ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည် တွေ့ဆုံပြီးတော့ အကြိုပြင်ဆင်ရေး ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။ နောက်ဆုံး ကော်မတီဘက်က တင်ပြလိုတာကတော့ နာဂအဖွဲ့ကိုလည်း ဖိတ်ထားပါတယ်။ သူတို့လည်း မကြာမီ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ဆွေးနွေးနိုင်ဖို့ ကျနော်တို့ ဖိတ်ထားတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

ယနေ့ ဆွေးနွေးပွဲမှာ ၂ နာရီနှင့် မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ နေ့လယ်စာအတူ စားသုံးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးတို့ တက်ရောက်ကြပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ကျော်တင့်ဆွေ၊ ဒေါက်တာ တင်မျိုးဝင်း၊ အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဦးသိန်းဆွေ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်ရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်တို့ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားများဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ညှိနှိုင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ညှိနှိုင်းရေးမှူး ၂ ပူးဇင်ကျုံး၊ အဖွဲ့ဝင်များဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူး၊ စာမိုရှေးနှင့် ရဲဘော်သံခဲတို့အပါအဝင် စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading