ထိုင်းနိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ရှင်များက ခွင့်ပြုချက် မပေးသည့်ကြားက အလုပ်နား၍ သွားရောက် ကြိုဆိုခဲ့ကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၅၀ ကျော် အလုပ်ဖြုတ်ခံရကြောင်း သိရသည်။
အလုပ်ဖြုတ်ခံထားရသည့် အလုပ်သမားများသည် ယခုလ ၂၃ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကြိုဆိုခဲ့ကြပြီး နောက်တနေ့ အလုပ် ပြန်ဆင်းချိန်တွင် အလုပ်ရှင်က ခွင့်ပျက်ကွက်မှုဖြင့် အလုပ်ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ (AAC) မဟာမိတ်အဖွဲ့ဝင် ဦးရဲမင်းက ပြောသည်။
“အလုပ်ဖြုတ်ခံလိုက်ရတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဒီခရီးစဉ် မတိုင်ခင် တပတ်လောက် ကတည်းက သူတို့သူဌေးတွေဆီမှာ ခွင့်တောင်းကြတယ်။ ဒါပေမယ့် သူဌေးက ခွင့်မပြုဘူး။ ခွင့်မပြုတဲ့ကြားက သူတို့က အလုပ်နားပြီး သွားကြိုတော့ အလုပ်ပျက်ကွက်မှုနဲ့ သူတို့ကို ဖြုတ်လိုက်တာ” ဟု ဦးရဲမင်းက ဧရာဝတီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ထိုင်းခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ထိုင်းအစိုးရ တာဝန်ရှိသူများက သီးခြားရွေးခြယ်ထားသည့် အလုပ်သမားများနှင့်သာ ခန်းမတွင် သီးသန့် တွေ့ဆုံခွင့်ရခဲ့သည်။
ထိုင်းနိုင်ငံရှိ ခရိုင်အသီးသီးမှ ရောက်ရှိလာပြီး အခက်အခဲများ တင်ပြရန် အားခဲထားကြသည့် အလုပ်သမားများနှင့် တွေ့ဆုံစကားပြောခွင့် မရရှိခဲ့ပေ။ ဒေါ်အောင်ဆန်းဆုကြည်နှင့် တွေ့ဆုံခွင့် မရလိုက်သည့်သူများတွင် ယခု အလုပ်ဖြုတ်ခံလိုက်ရသည့် ရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်လည်း အပါအဝင် ဖြစ်သည်။
ထိုနေ့က ခန်းမအပြင်၌ ရပ်စောင့်နေကြသည့် မြန်မာအလုပ်သမားများကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရန် စီစဉ်ခဲ့သော်လည်း မိုးရွာသွန်းမှုကြောင့် အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ အလုပ်သမားများသည် စက်ရုံအတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြနိုင်ကြရန်အတွက် တွေ့ဆုံရန်ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ ချည်ထည်စက်ရုံ အလုပ်သမား ကိုနိုင်က “ကျနော်တို့က အမေစုနဲ့ တွေ့ချင်တာရယ်။ ကျနော်တို့ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေ တင်ပြနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ အဲဒီနေ့က မိုးရွာတော့ ကျနော်တို့နဲ့ တွေ့ခွင့် မရလိုက်ဘူး။ ပြောချင်တာတွေလည်း မပြောလိုက်ရဘူး။ နောက်နေ့ အလုပ်ဆင်းတော့ အလုပ်ရှင်က အဲဒီကိုသွားတဲ့ အယောက် ၃၀ ကျော်ကို အလုပ်ထုတ်လိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။
စက်ရုံတရုံကမူ ကျွမ်းကျင် အလုပ်သမားတချို့နှင့် ထိုင်းစကား မတတ်သေးသော မြန်မာ အလုပ်သမားတချို့ကို ရွေး၍ အလုပ်ရှင်က အလုပ်ပြန်လည် ခန့်အပ်ခဲ့သော်လည်း အယောက် ၂၀ ကျော်ကို ပြန်လည်ခန့်အပ်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
အလုပ်ဖြုတ်ခံရသူများသည် တခြားလုပ်ငန်း အသစ်တွင် ပြောင်းရွှေ့လုပ်ကိုင်ခွင့် ရသော်လည်း အလုပ်ရှင်က Work Permit လွှဲပြောင်းပေးခြင်း မရှိသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။ အလုပ်သမားများနှင့် အလုပ်ရှင်အကြား ပြေလည်မှုရရေးနှင့် အလုပ်သမားများ အလုပ်ခွင် ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် AAC အဖွဲ့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေသည်ဟု ဦးရဲမင်းက ပြောသည်။
ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းအစိုးရ တာဝန်ရှိသူများ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများ၊ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။
ထိုခရီးစဉ်တွင် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူညီချက်အပြင် အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်နှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ရှေ့မှောက်တွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။