သတင်း

ကျောင်းသူကျောင်းသားများအတွက် ပညာပေး အပလီကေးရှင်း ဖန်တီး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) ၏ မြန်မာနိုင်ငံတွင် ပြုလုပ်နေသော ပညာရေး စီမံကိန်းတခုတွင် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများအတွက် လူ့အခွင့်အရေးနှင့် တက်ကြွနိုင်ငံသား အကြောင်းအရာတို့ ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး လူထု အသိပညာပေး မိုဘိုင်းဖုန်း အပလီကေးရှင်း New Niti ကို ထည့်သွင်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

UNESCO ၏ ပညာရေးအတွက် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ စီမံကိန်းသည် “Connect To Learn” စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုအပိုင်းတွင် အကျိုးရလဒ်များ ပိုမို ဖြစ်ထွန်းလာစေရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးချပြီး မည်ကဲ့သို့ သင်ကြားပေးနိုင်သည်ကို အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။

UNESCO ၊ Ericsson နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယင်းပညာရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် ဇွန်လက မြန်မာနိုင်ငံတွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး ယင်း စီမံကိန်း၏ ဒီဂျစ်တယ် စာကြည့်တိုက်တွင် New Niti အပလီကေးရှင်းကို UNESCO က ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း အပ်ပလီကေးရှင်း ဖြစ်မြောက်ရေးအတွက် ဦးဆောင် ဆောင်ရွက်ခဲ့သည့် အင်္ဂလန်နိုင်ငံ အခြေစိုက် NGO အဖွဲ့အစည်း OneWorld ၏ အဆိုအရ သိရသည်။

New Niti အပလီကေးရှင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လူမှု အဖွဲ့အစည်းများနှင့် နည်းပညာ ကုမ္ဗဏီများ ပူးပေါင်းကာ တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ New Niti အပလီကေးရှင်းသည် မြန်မာနိုင်ငံမှ လူငယ်များကို Active Citizenship ဟု ခေါ်သည့် နိုင်ငံသားတယောက်၏ တာဝန်နှင့် ဝတ္တရားများကို သိရှိနားလည်ပြီး မည်ကဲ့သို့ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မည့် တက်ကြွနိုင်ငံသားအကြောင်း၊ ဒီမိုကရေစီ၊ ရွေးကောက်ပွဲများ၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး စသည့် အဓိက အကြောင်းအရာ ၅ ခုကို ထည့်သွင်း ပညာပေးထားခြင်း ဖြစ်ကြောင်း OneWorld ၏ မြန်မာနိုင်ငံ အခြေစိုက် စီမံကိန်းမန်နေဂျာ Ms. Angelika Kahlos က ဧရာဝတီကို ပြောသည်။

ယင်း အပလီကေးရှင်းတွင် အထက်ဖော်ပြပါ အကြောင်းအရာ (၅) ခုနှင့် သက်ဆိုင်သည့် ပညာပေး သရုပ်ဖော် ဇာတ်လမ်းတိုများကို စာသားနှင့် အသံဖိုင်များဖြင့် ထည့်သွင်းထားပြီး ဂိမ်းများ၊ ဉာဏ်စမ်းပဟေဌိများလည်း ပါဝင်ကာ အပ်ပလီကေးရှင်းပါ အကြောင်းအရာများ အားလုံးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြည့်ရှုအသုံးပြုနိုင်ကြောင်းလည်း သိရှိရသည်။

Niti (နီတိ) သည် လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်ဟု အဓိပ္ပာယ်ရပြီး New Niti Application ကို ယခုလက်ရှိတွင် Android စမတ်ဖုန်းများတွင်သာ အသုံးပြုနိုင်သေးပြီး Apple တံဆိပ်ပစ္စည်းများ၏ iOS တွင် အသုံးမပြုနိုင်သေးကြောင်း သိရသည်။

အပ်ပလီကေးရှင်း၏ အခြေခံ ရည်ရွယ်ချက်မှာ သတင်းအချက်အလက် ရယူနိုင်ခွင့် နှင့် ပညာသင်ယူနိုင်ခွင့်များအတွက် အားပေးဆောင်ရွက်ရန် ဖြစ်ပြီး အသုံးပြုသူ တဦးတယောက်ချင်းစီအတွက် တက်ကြွနိုင်ငံသားအကြောင်း အသိပညာပေးရန် ဖြစ်သည်ဟု Ms. Angelika Kahlos က ပြောသည်။

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အကြောင်းအရာတွေကို အစိုးရ ပညာရေးစနစ်မှာ အဆင့်မြင့် နည်းပညာသုံး အပလီကေးရှင်း တခုကနေ အသုံးပြုနိုင်အောင် လုပ်တဲ့ ဒီလို အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။ UNESCO က သူတို့ရဲ့ မြန်မာနိုင်ငံ ပရောဂျက်မှာ ဒီ New Niti အပလီကေးရှင်းကို ထည့်သွင်းလိုက်ခြင်းဟာ သတင်း အချက်အလက် ရယူနိုင်ခွင့်အတွက် ကူညီပေးရာ ရောက်ရုံသာမက ဆရာ၊ ဆရာမတွေနဲ့ ခေတ်မီ နည်းပညာတွေကို သိလွယ် တတ်လွယ်တတ်တဲ့ လူငယ်တွေကို ဒီနည်းပညာတွေအကြောင်း သိအောင် ကူညီပေးဖို့ ဖြစ်ပါတယ်” ဟု Ms. Angelika Kahlos က ပြောသည်။

UNESCO ၏ “Connect To Learn” ICT စီမံကိန်းသည် အင်္ဂလိပ် ဘာသာစကားနှင့် ဘဝ အတတ်ပညာများ ပါဝင်သည့် မိုဘိုင်း အပလီကေးရှင်းများ တီထွင်ဖန်တီးပြီး ယင်းအပလီကေးရှင်းများကို ဆရာ၊ ဆရာမများအတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀၀ အတွက် မိုဘိုင်းဖုန်းနှင့် Tablet များတွင် ထည့်သွင်းပေးထားကြောင်း သိရသည်။

UNESCO ၏ စီမံကိန်းအရ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် စီမံကိန်း အကောင်အထည် ဖော်နေသည့် ကျောင်း ၃၁ ကျောင်းအား Tablet အလုံးရေ ၃၀၀၀၊ လက်ပ်တော့ကွန်ပြူတာ အလုံးရေ ၁၈၀ နှင့် ပရိုဂျက်တာများ ပေးအပ်ထားပြီးဖြစ်ကာ အဆိုပါ New Niti အပလီကေးရှင်းကို ယင်းပစ္စည်းများတွင် ကြိုတင် ထည့်သွင်းပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။

New Niti အပလီကေးရှင်း အတွက် ဇာတ်လမ်းများ၊ ကာတွန်းသရုပ်ဖော်များနှင့် သင်ရိုးညွှန်းတမ်းများ ပါဝင် ရေးဆွဲခဲ့သူများတွင် Saitta Thukha Development Institute ၊ Cneter for Youth and Social Harmony ၊ ကလျာဏ မိတ္တဖောင်ဒေးရှင်း၊ မုခ်ဦးနှင့် အခြားသော အရပ်ဖက် အဖွဲ့အစည်းများစွာ ပါဝင်ပြီး လူထုအသိပညာပေး သင်တန်းကျောင်း တခုဖြစ်သည့် Saitta Thukha Development Institute အား အပလီကေးရှင်းကို ဆက်လက် လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading