ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစောင်ဖြစ်သည့် 7 Day သတင်းစာ က ၎င်းတို့ရေးသားထုတ်ပြန်ခဲ့သော တပ်မတော်နှင့် ပတ်သက်သည့် သတင်းတပုဒ်နှင့်ပတ်သက်၍ တပ်မတော်အား အစိုးရသတင်းစာနှင့် 7 Day သတင်းစာတို့မှတဆင့် တရားဝင် တောင်းပန်လွှာတခုကို ယနေ့ ထုတ် ပြန်ခဲ့သည်။
အဆိုပါ တောင်းပန်လွှာတွင် “နောင်တွင် တပ်မတော်နှင့်ပတ်သက်၍ သတင်းဖော်ပြချက်များကို စနစ်တကျ တည်းဖြတ် ဆောင်ရွက် သွား မည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့နားလည်မှု လွဲမှားစေခဲ့သည့် ရေးသားဖော်ပြမှုအတွက်လည်း လေးစားစွာ တောင်းပန်အပ်ပါသည်” ဟု ပါရှိသည်။
ယခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် သူရ ဦးရွှေမန်းက စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်း ပွဲ နေ့ အထိန်းအမှတ်အတွက် ၎င်း၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် ဆန္ဒပြုချက်တခု ရေးသားခဲ့သည်။
ထိုရေးသားချက်အပေါ် ကိုးကားပြီး “စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် သူရ ဦးရွှေမန်း တိုက် တွန်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ဧပြီလ ၂၄ ရက်နေ့ထုတ် 7 Day သတင်းစာ တွင် သတင်းရေးသား ထုတ်ပြန်ခဲ့ပြီး ထိုသတင်းနှင့် ပတ်သက်၍ တပ်မတော်က 7 Day သတင်းစာ ကို ပုဒ်မ (၁၃၁) ဖြင့် 7 Day သတင်းစာ၏ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်း ထောက် ကိုမင်းဟိန်းကျော် တို့ကို တပ်မတော်ဘက်က ဇွန်လ ၂၅ ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီး ၄ ရက်အကြာတွင် ဇွန်လ ၂၉ ရက်နေ့တွင် ယခုကဲ့သို့ တောင်းပန်လွှာ ဖော်ပြလိုက်ခြင်းဖြစ်သည်။
ပုဒ်မ ၁၃၁ သည် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဆိုင်သော ပြစ်မှု ဖြစ်ပြီး တပ်မတော်သားများ စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို အား ပေးခြင်း၊ နိုင်ငံတော် သစ္စာဖောက်ဖျက်စေရန် လည်းကောင်း၊ တာဝန်ဝတ္တတရား မဆောင် ရွက် စေရန် အားထုတ်လျှင် ထိုသူကို တသက် တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။