အမေရိကန်နိုင်ငံက လူကုန်ကူးမှု အဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းရန် ဆုံးဖြတ်ခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောသည်။ ထိုသို့ပြုလုပ်ခြင်းမှာ မြန်မာနိုင်ငံမှ ဒီကိုကရေစီနည်းကျ ရွေးကောက်ခံထားရ သည့် အစိုးရသစ်နှင့် ယခုတိုင်အာဏာ ရှိနေသေးသည့် တပ်မတော်တို့က ကလေးစစ်သား အသုံးပြုခြင်းနှင့် အဓမ္မစေခိုင်း ခြင်းများ ထိန်းချုပ်ရပ်တန့်ရေးကို ပိုမိုလုပ်ဆောင်ရန် တွန်းအားပေးခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ဒေသတွင်းလွှမ်းမိုးလာမှုကို တုန့်ပြန်ရေးနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက ပိုင်နက်ချဲ့ထွင်လာ ခြင်းအတွက် အရှေ့တောင်အာရှတွင် ခံကတုတ်တခု တည်ဆောက်ရေးတွင် မြန်မာနိုင်ငံက ဗျူဟာမြောက် အရေးပါသည့် နိုင်ငံတခုအဖြစ် အမေရိကန်က ယူဆထားသည့်ကြားမှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ရန် ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ Trafficking in Persons (TIP) အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အဆင့်နှိမ့် ထည့်သွင်းခြင်းမှာ ဗုဒ္ဓဘာသာဝင် လူများစုဖြစ်သည့် မြန်မာနိုင်ငံတွင် လူနည်းစု ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် ဖိနှိပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ရှိနေခြင်း အပေါ် အမေရိကန်က စိုးရိမ်မှု ရှိနေကြောင်း ပြသခြင်းလည်း ဖြစ်ပါသည်။
တိုင်းပြည်၏ ခေါင်းဆောင်သစ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် အတွင်း သူ၏ အစိုးသစ် စတင် တာဝန်ယူသည့် အချိန်ကစ၍ ရိုဟင်ဂျာကိစ္စအပေါ် ဥပေက္ခာပြုထားခဲ့သည့် အတွက် နိုင်ငံတကာ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။
အမေရိကန် အစိုးရ အနေဖြင့်လည်း ဆယ်စုနှစ်ပေါင်းမျာစွာ စစ်အာဏာရှင်လက်အောက်တွင် ရှိခဲ့ပြီး နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်လာသည့် ၂၀၁၁ ခုနှစ်မှ စ၍ ဆက်ဆံရေးကို ဟန်ချက်ညီမျှအောင် ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုဖြင့် ရင်ဆိုင်နေခဲ့ရသည်။
အမေရိကန် သမ္မတအိုဘားမား၏ သမ္မတသက်တမ်း နောက်ဆုံး ၇ လ အတွင်း ရောက်ရှိလာသည့်အချိန်တွင် သူက မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးတံခါးဖွင့်ခဲ့ခြင်းအပေါ် (အရေးယူ ပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန် အရေးယူမှု အချို့ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်) အရေးပါသည့် နိုင်ငံခြားရေးရာ အောင်မြင်မှုတခု အဖြစ် မြင်ခဲ့ကြသည်။
တချိန်တည်းမှာပင် အမေရိကန် အစိုးရက မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အဝန်းအဝိုင်းအတွင်းမှ အမြန်ဆုံး ပြန်ထွက်လာစေချင်ခဲ့ပြီး အမေရိကန် တာဝန်ရှိသူများက အရှေ့တောင်အာရှတွင်းမှ ခိုင်မာသော ပေါင်းစည်းမှု မျက်နှာစာ တခု ဖြစ်လာစေ ရန် ကြိုးစားနေကြသည်။
အမေရိကန် အစိုးရက မြန်မာနိုင်ငံကို ၎င်းတို့၏ အစီရင်ခံစာတွင် အနိမ့်ဆုံး အဆင့်ဖြစ်သည့် အဆင့် (၃) သို့ အီရန်၊ မြောက်ကိုရီးယား နှင့် ဆီးရီးယားကဲ့သို့ သောနိုင်ငံများနှင့် အတူ ထည့်သွင်းရန် ဆုံးဖြတ်လိုက်ခြင်းကို ဝါရှင်တန်မှ အမည်မဖော်လိုသူ အမေရိကန် အစိုးရ အရာရှိတဦးနှင့် လူကုန်ကူးမှု ပတ်သက်၍ သတင်းအချက်အလက်များ ပေးနေသည့် ဘန်ကောက် အခြေ စိုက် နိုင်ငံတကာအဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ အရာရှိတဦးက အတည်ပြု ပေးခဲ့သည်။
အဆင့် (၃) တွင် သတ်မှတ်လိုက်သည့် အတွက် အမေရိကန်နှင့် နိုင်ငံတကာ အကူအညီများ ရရှိရေးတွင် တားမြစ်ပိတ်ဆို့ မှုများ ပေါ်ပေါက်လာနိုင်ပါသည်။ သို့သော်လည်း အမေရိကန် သမ္မတများက ထိုကဲ့သို့ ကန့်သတ်မှုမျိုးကို မကြာခဏ လွတ်ငြိမ်းခွင့်ပေးလေ့ရှိသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်က ယခုနှစ် အစီရင်ခံစာတွင် စိတ်ဝင်တစား ဆွေးနွေးငြင်းခုံမှု အများဆုံး ကိစ္စ တခု ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် လူကုန်ကူးမှုအစီရင်ခံစာမှ သုံးသပ်ချက်အချို့မှာ နိုင်ငံရေး အကြောင်းခံများကြောင့် အားပျော့ခဲ့ရသည့်အတွက် စိုးရိမ်မှုများ ရှိခဲ့ကြသည်။
မြန်မာနိုင်ငံမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ တိုးတက်မှုကြောင့် မြန်မာနိုင်ငံကို ချီးမြှောက်ချင်သည့် ဝါရင့်သံတမန်များ နှင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ထိန်းချုပ်တာဆီးရေးအတွက် လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု ပြောဆိုကြ သည့် လူ့အခွင့်အရေး ကျွမ်းကျင်သူများကြားတွင် ကြီးမားသော အချေအတင် ညင်းခုံမှုများ ရှိခဲ့သည်ဟု အမေရိကန် အရာ ရှိတဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့သည့် ရိုက်တာ သတင်းဌာန၏ လေ့လာစုံစမ်းမှု တခုတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနှင့် ဗျူဟာမြောက် အရေးပါသည့် နိုင်ငံ ၁၄ နိုင်ငံအပေါ် အဆင့်အတန်း သတ်မှတ်ရေးတွင် ဝါရင့် ထိပ်တန်း သံတမန်များက ဝင်ရောက်ချယ်လှယ်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။ အမေရိကန် နိုင်ငံခြားရေးဌာနက နိုင်ငံရေးအရ စဉ်းစားဆုံးဖြတ်မှုများ မရှိကြောင်း ငြင်းသော်လည်း ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်းစဉ်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။
ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် စောင့်ကြည့်ရေးဌာန၏ အောင်မြင်မှုတခု ဖြစ်ပြီး အဆိုပါဌာနသည် လူကုန်ကူးခြင်း၊ အဓမ္မ အလုပ်လုပ်ခိုင်းခြင်းနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း စသည့် ခေတ်သစ်ကျွန်ပြုမှုများ တားမြစ်ရာတွင် နိုင်ငံများ၏ အားထုတ်မှု အပေါ် လွတ်လပ်စွာ အဆင့်အတန်း သတ်မှတ်နိုင်ရန် ထူထောင်ထားခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အဆင့် ၂ တွင် ရှိနေခဲပြီး ဥပဒေအရ အဆင့် (၂) စောင့်ကြည့်သည့် အဆင့် တွင် အများဆုံး ၄ နှစ်အထိသာ ရှိနေနိုင်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်တိုးမြှင့်ပေးခြင်း မရှိခဲ့လျှင် အဆင့် (၃) သို့ အလိုအလျောက် လျော့ကျသွားမည် ဖြစ်သည်။ အဆင့် (၃) ဆိုသည်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေး တွင် အနိမ့်ဆုံးစံချိန် စံညွှန်းများကိုပင် ကိုက်ညီခြင်း မရှိဘဲ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာသော အားထုတ်မှုများ မပြုလုပ်သည့် အဆင့်ဖြစ်ပါသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက “အခုနှစ် အစီရင်ခံစာနဲ့ ပတ်သက်လို့ အစီရင်ခံစာ ထွက်လာတဲ့ အချိန်အထိ ကျနော်တို့ ဘာမှတ်ချက်မှ ပေးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
ကလေးစစ်သား
မြန်မာနိုင်ငံအပေါ် စဉ်းစားသုံးသပ်ခြင်းက စစ်တပ်တွင် ကလေးစစ်သား စုဆောင်းမှု၊ အသုံးချမှုတို့ အပြင် အဓမ္မအလုပ်ခိုင်း စေခြင်း (အထူးသဖြင့် ကျေးလက်ပြည်သူများကို အကျပ်ကိုင်၍ အလုပ်ခိုင်းစေခြင်း) ကို ရပ်တန့်ရန် အားထုတ်မှုအပေါ် အဓိက မူတည်ခဲ့သည်။ အဆိုပါ အဖြစ်အပျက်များကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက မှတ်တမ်းတင်ထား ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ယမန်နှစ်က အစီရင်ခံစာတွင်လည်း ဖော်ပြထားခဲ့သည်။
မြန်မာနိုင်ငံကို အဆင့်အတန်း မလျှော့ချမီ အမေရိကန် အစိုးရက အဓိက စဉ်းစားခဲ့သည့် ကိစ္စမှာ လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်ခဲ့သော အစိုးရ အရာရှိများကို တရားစွဲအရေးယူရန် ပျက်ကွက်ခဲ့ခြင်း အပါအဝင် လူကုန်ကူးမှုတွင် အစိုးရက ပါဝင်ပတ်သက်မှု ရှိသည်ဆိုသည့် စွပ်စွဲမှုများ ဖြစ်သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူတဦး၏ အဆိုအရ သိရသည်။
တပ်စခန်းများသို့ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုခဲ့ခြင်းကဲ့သို့သော ကလေးစစ်သား အသုံးချမှု တားဆီးကာကွယ်ရေးသို့ ဦးတည်သည့် သိသာသော တိုးတက်မှုများကြောင့် မြန်မာ့တပ်မတော်အပေါ် အသိအမှတ်ပြုမှုများ ရှိခဲ့သော်လည်း ပြဿနာကို အမေရိကန် အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက တောင်းဆိုခဲ့သလို အပြီးတိုင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း အထောက်အထား မတွေ့ရှိခဲ့ရဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
လူ့အခွင့်အရေး အဖွဲ့များကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကို မြန်မာနိုင်ငံကို အဆင့် မတိုးမြှင့်ရန် တောင်းဆိုခဲ့ကြသည်။ အဆင့်မြှင့်ပေးပါကလည်း အကျိုးထူးမည် မဟုတ်ဟု ပြောခဲ့ကြသည်။
Trafficking in Persons (TIP) အစီရင်ခံစာသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ယခင်အစိုးရလက်ထက်ဖြစ်သည့် မတ်လကုန်ပိုင်းအထိသာ သုံးသပ်ထားခြင်း ဖြစ်သည့်အတွက် မြန်မာအစိုးရသစ်အပေါ် သံတမန်ရေး ဖိအားက ပျော့ပြောင်းနိုင်ပါသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးသော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလတွင် အစိုးရတာဝန် ရယူနိုင်ခဲ့သည်။
သို့သော်လည်း စစ်တပ်က လုံခြုံရေးနှင့် ဆိုင်သည့် ဝန်ကြီးဌာန ၃ ခု နှင့် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့်အတွက် အမေရိကန် တာဝန်ရှိသူများသည် အဆင့်လျှော့ချလိုက်ခြင်းကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် မြန်မာ့တပ်မတော်အနေဖြင့် ပူးပေါင်း ပါဝင်လာရေးကို ထိခိုက်စေခြင်း ရှိ၊ မရှိကို အကြိတ်အနယ် စဉ်းစားခဲ့ကြရသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်တွင်မူ သူက ရခိုင်ပြည်နယ်မှ မွတ်ဆလင်လူနည်းစုများကို ရိုဟင်ဂျာဟု မခေါ်ရန် မကြာသေးမီက တောင်းဆိုခဲ့သည့်အတွက် အမေရိကန် တာဝန်ရှိသူများ ကသိကအောင့် ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံသား အများစုကလည်း ၎င်းတို့ကို တရားမဝင်ရောက်ရှိလာသည့် နိုင်ငံမဲ့များဟု အဓိပ္ပါယ်ရသည့် ဘင်္ဂါလီများဟု ရည်ညွှန်းပြောဆိုကြသည်။
၎င်းတို့ကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် အမေရိကန်နိုင်ငံက တောင်းဆိုခဲ့သည်။
၂၀၁၅ ခုနှစ် Trafficking in Persons (TIP) အစီရင်ခံစာ က “ရိုဟင်ဂျာ” အများစုဖြစ်သည့် ယောက်ျား၊ မိန်းမ နှင့် ကလေး ၈၀၀၀၀၀ ခန့်ကို အစိုးရက နိုင်ငံသား ဖြစ်ခွင့်ပယ်ချထားခြင်းကြောင့် လူကုန်ကူးမှုသားကောင် ဖြစ်လာနိုင်သည့် လူဦးရေ သိသိသာသာ တိုးလာနိုင်သည်ဟု ဖော်ပြထားသည်။
(Reuters သတင်းထောက်များဖြစ်သော Matt Spetalnick၊ Jason Szep နှင့် Antoni Slodkowski တို့၏ U.S. to downgrade Myanmar in annual human trafficking report – sources ကို ဘာသာပြန်ဆိုဖော်ပြသည်)