ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး အလုပ်သမားအရာရှိထံ အပ်နှံထားသည့် လူကုန်ကူးခံ မြန်မာ ၃ ဦး ယနေ့ မနက်တွင် ပျောက်ဆုံးသွားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က ဧရာဝတီသို့ ယနေ့ ပြောဆိုသည်။
အဆိုပါ လုပ်သား ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) က ချုံဘူရီမြို့နယ်၊ အချောင်ငါးဖမ်း လှေဆိပ်မှ ကယ်ထုတ်လာခဲ့ပြီး အလုပ်သမား သံအရာရှိထံ အပ်နှံထားရာမှ ဇွန်လ ၂၈ ရက်နေ့က ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က “မနေ့က သူဟာသူတို့ ထွက်ပြေးသွားတယ်ဗျာ။ ကျနော်တို့ အစီအစဉ်က သူတို့ကို စစ်ဆေးပြီးတဲ့အချိန် မြန်မာနိုင်ငံကို ပြန်လွှဲမှာ၊ သူတို့က လှေလုပ်သားဖြစ်တဲ့အတွက် လူကုန်ကူးမှု စစ်၊ မစစ်ဆိုတာ စစ်ဆေးပြီး ပြန်ပို့မှာ။ ဒီမှာ အလုပ် ဆက်လုပ်ချင်ပါတယ်ဆိုလို့ မရဘူး။ ကျနော်တို့က တရားဝင်ပြန်ပို့မှာ၊ သူတို့က ဒီမှာ မူးယစ်ဆေးတွေ ဘာတွေသုံးစွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အလုပ်သမား ၃ ဦးကို သံရုံးအလုပ်သမား သံအရာရှိက မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရုံးတွင် ထားရှိထားရာက ထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သား ၃ ဦးသည် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထား ပန်းရောင်ကတ်ရှိပြီး ၎င်းတို့က မြန်မာနိုင်ငံ ပြန်ပို့လျှင် အလုပ်အကိုင်နှင့် ငွေကြေး အခက်အခဲများ ကြုံမည်စိုးရိမ်သဖြင့် ထိုင်းတွင် ဆက်လက်၍ အလုပ် လုပ်ကိုင်လိုကြောင်း တောင်းဆိုထားသည်ဟု MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
“ကျနော်တို့ ကယ်ထုတ်ခဲ့တုန်းကလည်း သူတို့က ပြောတယ်။ သူတို့ဟာ ပိတ်လှောင်ခိုင်းစေ ခံထားရတဲ့အတွက် လစာလည်း မရဘူး။ အဲဒီအတွက် မိသားစုအတွက် ပိုက်ဆံမပါဘဲ မြန်မာပြည် မပြန်လိုကြဘူး။ မြန်မာပြည်ကလည်း အလုပ်အကိုင် ရှားတော့ ဒီမှာ လှေအလုပ် မဟုတ်တဲ့ တခြားအလုပ် လုပ်လိုကြောင်း အကူအညီတောင်းတယ်။ မြန်မာသံရုံးဘက်က ပြန်ပို့မယ်ဆိုတော့ သူတို့ ထွက်ပြေးသွားကြတာ ဖြစ်မယ်” ဟု ဦးကျော်သောင်း က ဧရာဝတီသို့ ပြောသည်။
အဆိုပါ မြန်မာ အလုပ်သမား ၃ ဦးသည် အချောင်ငါးဖမ်းလှေဆိပ်တွင် ၃ လမှ ၃ နှစ်ကျော်အထိ ရောင်းစား ခံထားရသူများဖြစ်ပြီး လှေပိုင်ရှင်နှင့် လှေဦးစီးများကလည်း အဆိုပါ မြန်မာလုပ်သားများအား စိတ်ကြွဆေးများ ကြွေး၍ ပင်လယ်ငါးဖမ်း လုပ်ငန်းကို လုပ်ခိုင်းခဲ့ကြောင်း ကာယကံရှင်များကလည်း ပြောသည်။
သူတို့ အသက်မသေဘဲ လွတ်မြောက်လာမှုကို ဝမ်းသာကြောင်း ၎င်းလုပ်သက် ၃ နှစ်အတွင်း လှေပေါ်တွင် လှေပိုင်ရှင်နှင့် လှေဦးစီးများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာ ရေလုပ်သားပေါင်း ဆယ်ဂဏန်းခန့် ရှိကြောင်း လွတ်မြောက်လာသည့် ၃ ဦးအနက် မန္တလေးသားဖြစ်သည့် ကိုအောင်ပိုင်က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ကိုအောင်ပိုင်က “ကျနော်တို့ကို အလုပ်သမားကတ်တွေပေးပြီး လွှတ်လိုက်တယ်။ ကျနော်တို့ လစာတောင်းရင်တော့ အသတ်ခံရမှာ သေချာတယ်။ ဘာလို့လဲဆိုရင် ဒီလိုတောင်းလို့ အသတ်ခံရတဲ့ သူတွေ ကျနော့်မျက်စိရှေ့မှာတင် မနည်းဘူး။ သူတို့က မူးယစ်ဆေးဝါးတွေလည်း ရောင်းတယ်။ ကျနော်တို့ကိုလည်း အဲဒါတွေပဲ တိုက်ပြီး ပိတ်လောင်ပြီး အလုပ်လုပ်ခိုင်းခဲ့တာ” ဟု ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်၌ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အခက်အခဲ ကြုံတွေ့နေရသည့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မြန်မာသံရုံးထံ သွား၍ အကူအညီ တောင်းခံကြရန် လိုအပ်ကြောင်း မြန်မာသံရုံးအနေဖြင့် အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
MAT ဒါရိုက်တာ ဦးကျော်သောင်း က “ဒေါ်အောင်ဆန်းစုကြည် လာတုန်းက အလုပ်သမားတွေ အခက်အခဲရှိရင် သံရုံးကို တိုက်ရိုက် အကြောင်းကြားဖို့ မှာခဲ့တယ်။ ကျနော်တို့ ကယ်ထုတ်ပြီး သွားအပ်တယ်။ သံရုံးအနေနဲ့လည်း တာဝန်ယူ ဆောင်ရွက်ပေးသင့်တယ်” ဟု ဆိုသည်။
MAT အဖွ့ဲသည် ပင်လယ်ပြင် ငါးဖမ်းလှေများ အပါအဝင် ထိုင်းနိုင်ငံအတွင်း ရောင်းစားခံနေရသည့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကယ်တင်နေသည့် အဖွဲ့ဖြစ်ပြီး မေလလယ်ပိုင်းကလည်း ပင်လယ်ပြင်တွင် နှစ်ချီ ရောင်းစားခံထားရသည့် မြန်မာရေလုပ်သား ၁၃ ဦးကို ကယ်ထုတ်ခဲ့သေးသည်။
၎င်းတို့ ကယ်တင်ခဲ့သည့်အထဲ ယခု အကြိမ်အပါအဝင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၇၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၆၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ ဦး နှင့် ၂၀၁၅ ခုနှစ်တွင် ၁၇၄ ဦးတို့ကို MAT အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။