အစိုးရသစ်အနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်နှင့် စုဝေးခွင့်တို့အပေါ် ရာဇဝတ်မှု အပြစ်ဒဏ်များပေးထားသည့် ဥပဒေအများ အပြားကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းများပြုလုပ်ရန် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch – HRW) က တိုက်တွန်း အကြံပြုလိုက်သည်။
HRW သည် မြန်မာနိုင်ငံရှိ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် ဥပဒေများနှင့်ပတ်သက်၍ သုတေသနပြုလုပ်ထားသည့် “သင့် ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို ရာဇဝတ်မှု တပ်ခြင်း” ဟူသည့် အစီရင်ခံစာ ထုတ်ပြန်ပွဲကို ဇွန် ၂၉ ရက်က ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း တိုက်တွန်း လိုက် ခြင်းဖြစ်သည်။
“အစိုးရသစ်အနေနဲ့ ဒီဥပဒေတွေကနေတဆင့် ထောင်ဒဏ်ထဲကိုရောက်သွားတဲ့ အပြစ်ပေး အရေးယူ ခံနေရတဲ့သူတွေကို လွှတ်ပေးလိုက်တယ် ဆိုပေမယ့်လည်း ဒီဥပဒေတွေဟာ စာအုပ်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ နောက်အစိုးရက လူ့ အခွင့် အရေး ကို မလေးစားတဲ့ သို့မဟုတ် လူ့အခွင့်အရေးကို ဦးစားမပေးတဲ့အစိုးရ ရောက်လာခဲ့မယ်ဆိုရင် ဒါတွေကို အသုံးပြုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တာမျိုး လုပ်လို့မရအောင် ဒီဥပဒေတွေကို စာအုပ်တွေထဲကပါ ပယ်ဖျက်ဖို့ အတွက် ပြောဆိုရတာဖြစ်ပါတယ်”ဟု HRW မှ ဥပဒေဆိုင်ရာ အကြံပေး Linda Lakhdhir က ပြောသည်။
၂၀၁၄ ခုနှစ် မတ်လမှ စတင်ခဲ့ပြီး အချိန်ကာလ ၂ နှစ်ကြာမြင့်ခဲ့သည့် ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ပြုပြင် ပြောင်းလဲ ရန် လိုအပ်သော ရာဇသတ်ကြီးပါ ပုဒ်မများနှင့်တကွ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီဥပဒေ) ၊ ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ အစရှိသည့် ဥပဒေ ၁၆ ခုနှင့် ပုဒ်မ ၁၀ ခု တို့ကို လေ့လာသုံးသပ် ထားပြီး ပြင်ဆင်ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် အကြံပြုထားသည်ဟုလည်း ၎င်းက ရှင်းပြသည်။
သမ္မတဦးသိန်းစိန် လက်ထက် ပြဋ္ဌာန်းခဲ့သည့် ၂၀၁၂ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ၂၀၁၆ ခုနှစ် မေလ ၃၁ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဦးဆောင်သည့် လွှတ်တော်က ဥပဒေအသစ် ပြဋ္ဌာန်းခဲ့သော်လည်း ယခင်ဥပဒေပါ ချို့ယွင်းချက် များစွာ ကျန်ရှိနေဆဲဖြစ်သောကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဖြစ်ရန် ထပ်မံပြင်ဆင်သင့်သည်ဟု HRW အဖွဲ့ က ဆိုသည်။
တရားလွှတ်တော်ရှေ့ ဦးကိုနီက အစိုးရသစ် လက်ထက် ပြုပြင်ရန် ကြိုးပမ်းသည့် ငြိမ်းစုစီဥပဒေ သည် ရည်ရွယ်ချက် အရ ရော၊ အနှစ်သာရ အရရော အတော်အတန် ပြုပြင်ပြောင်းလဲသွားကြောင်း၊ သို့သော် ဥပဒေတခုကို တကြိမ်တည်းနှင့် ပြီးပြည့်စုံရေး ပြဋ္ဌာန်းရန်မှာမူ အခက်အခဲရှိကြောင်း ပြောဆိုသည်။
“ဥပဒေတခုဟာ တခါတည်း ပြီးပြည့်စုံအောင် ပြဋ္ဌာန်းဖို့ဆိုတဲ့ကိစ္စ အခက်အခဲရှိပါတယ်။ တိုင်း ပြည်ရဲ့ လက်ရှိ ပကတိ အခြေအနေနဲ့ လိုက်လျောညီထွေမယ်လို့ ယူဆတဲ့ဥပဒေကို အရင်ပြဋ္ဌာန်း ရပါတယ်။ ပြဋ္ဌာန်းပြီး ဒီဥပဒေကို လက်တွေ့ ကျင့်သုံးပြီးတော့ အဆင်မပြေတာတွေရှိရင် အခက်အခဲတွေရှိရင် နောက်ကနေလိုက်ပြီး ပြင်ဆင်ပေးရပါတယ်” ဟုလည်း ၎င်းက ပြောသည်။
HRW ၏ ယခုအစီရင်ခံစာကို ပြည်ထောင်စု အစိုးရ၊ ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ ဌာနေ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအသီးသီးသို့ အကြံပြုချက်များ ပို့ထားပြီး လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်သည့် အချိန်တွင်လည်း HRW အနေဖြင့် အနီးကပ်လေ့လာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း Linda Lakhdhir ကလည်း ပြော ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စစ်တမ်းများတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လကုန် ပိုင်း အထိ လူပေါင်း ၁၆၆ ဦးသည် ငြိမ်းစုစီဥပဒေဖြင့် တရားရင်ဆိုင်နေရပြီး အနည်းဆုံး ၂၂ ဦးသည် ယင်းဥပဒေဖြင့် အပြစ် ရှိကြောင်း ဆုံးဖြတ်ကာ အကျဉ်းချခံရလျက် ရှိကြောင်း၊ ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်တင်ထားခံရသူ ၁၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။
ယင်းသို့ဖမ်းဆီခံရသူများ သို့မဟုတ် အကျဉ်းကျနေသူများထဲတွင် အမျိုးသားပညာရေး ဥပဒေအသစ်ကို ကန့်ကွက်ဆန္ဒပြ ကျောင်းသားများ၊ အစိုးရတွင် စစ်တပ်က နေရာယူထားခြင်းကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားများ၊ လယ်ယာမြေ သိမ်းဆည်းခံရသည့်အတွက် ဆန္ဒပြသည့် လယ်သမားများ၊ သတင်းထောက်များ ဖမ်းဆီးခံရမှုအတွက် ဆန္ဒပြသည့်သတင်း သမားများနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် တကိုယ်တော် ဆန္ဒပြသူများ ပါဝင်ကြောင်း သိရသည်။