ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ၏ အထူးကိုယ်စားလှယ်အနေဖြင့် ရန်ကုန်မြို့သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် အမ်ရှဟီဒူလ်ဟက် ယနေ့ ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာန Dhaka Tribune ၏ အဆိုအရ သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ရန် ဝန်ကြီးချုပ်၏ စာတစောင်ကို ယူဆောင်လာကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က အိမ်နီးချင်း ၂ နိုင်ငံကြားမှ နားလည်မှုလွဲမှားခြင်းများနှင့် အယူအဆလွဲမှားမှုများကို ဖယ်ရှား၍ ဆက်ဆံရေး အသစ်တခု တည်ထောင် နိုင်ရန် ဆန္ဒရှိနေကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
“ကျနော်တို့အတွက် မြန်မာနိုင်ငံရဲ့ အရေးပါမှုက မြင့်မားပါတယ်။ မြန်မာ အစိုးရနဲ့ နွေးထွေးပြီး မိတ်ဆွေသဘောဆန်တဲ့ ဆက်ဆံရေး ထားရှိချင်ပါတယ်” ဟု အမ်ရှဟီဒူလ်ဟက်က Dhaka Tribune သို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်တိုင်တွေ့ဆုံ၍ စာကိုပေးအပ်မည်ဟု သိရသည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းတို့နှင့် တွေ့ဆုံသွားမည် ဖြစ်သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၅ ခုခန့်ကြာမြင့်ခဲ့ပြီးမှ ဒီမိုကရေစီ အစိုးရ အာဏာရရှိလာခဲ့သော မြန်မာအစိုးရသစ် အပေါ် များစွာ မျှော်လင့်မှုများရှိနေသည်ဟု Dhaka Tribune က ရေးသည်။
အစိုးရ ၂ ရပ်ကြား ယုံကြည်မှု လျော့ပါးနေခြင်းမှာ လျှို့ဝှက်ချက်တခု မဟုတ်ကြောင်းနှင့် အတားအဆီးများကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းမှာ ရိုဟင်ဂျာ ပြဿနာကဲ့သို့ အန္တရာယ်များသည့် ကိစ္စများကို မပြောဘဲ နေရန် ဖြစ်ကြောင်း အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အကြီးတန်း အရာရှိတဦးကို ကိုးကား၍ Dhaka Tribune က ရေးသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လတ်တလော အချိန်များတွင် ဆောင်ရွက်ခဲ့သည့် ခြေလှမ်းအချို့ကြောင့် ဆက်ဆံရေးတိုးတက် လာခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်က ထင်မြင်နေသည်။ ယမန်နှစ်က ပြန်ပေးဆွဲခံရသည့် မြန်မာလုံခြုံရေးအဖွဲ့ဝင် ၂ ဦးကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ကယ်ဆယ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ လျှင်လျှင်မြန်မြန် ပြန်ပို့ပေးနိုင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုကြုံတွေ့ရစဉ်က ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ခဲ့ပြီး မြန်မာအစိုးရ ကလည်း ဘင်္ဂလားဒေ့ရ်ှ့ အစိုးရ၏ ကောင်းမွန်သောလုပ်ရပ်အပေါ် လေးလေးနက်နက် အသိအမှတ်ပြုခဲ့ကြောင်းလည်း Dhaka Tribune ၏ သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ဆက်ဆံရေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားသည့် BCIM (Bangladesh–China–India–Myanmar Forum for Regional Cooperation -ဘင်္ဂလာဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ နှင့် မြန်မာ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ အကယ်၍ BCIM အကောင်အထည်ပေါ်လာခဲ့လျှင် နိုင်ငံများကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာရေး ကြီးမားသော အထောက်အကူ ဖြစ်လာလိမ့်မည်ဟု သတင်းတွင် ဖော်ပြထားသည်။
အလားတူပင် မြန်မာ ထိပ်တန်းခေါင်းဆောင်များကလည်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ ၅ ချက်ကို အလေးထားရန် ဆန္ဒရှိနေကြသည်ဟု Dhaka Tribune က ဆိုသည်။
မြန်မာလွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စာနယ်ဇင်းအဖွဲ့ တဖွဲ့နှင့် မကြာသေးမီက တွေဆုံခဲ့ရာတွင် အစိုးရသစ်က ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုကြောင်း နှင့် အစိုးရ ၂ ခုလုံးကလည်း အတားအဆီးများ အားလုံးကို ဖယ်ရှားနိုင်ရေးအတွက် ဆောင်ရွက် ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။