ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပမည့် ၆၄ ကြိမ်မြောက် စီဒေါ ညီလာခံတွင် လုံခြုံမှု ကင်းမဲ့နေသော မြန်မာ အမျိုးသမီးများ၏ အခြေအနေ အစီရင်ခံစာများကို တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘော တူ စာချုပ် (CEDAW) စီဒေါ ညီလာခံသို့ မြန်မာ အမျိုးသမီး အဖွဲ့အစည်း ၅ ဖွဲ့ ဖြစ်သည့် CEDAW Action Myanmar (CAW) အဖွဲ့၊ Women Organization Network (အမျိုးသမီးအဖွဲ့များ ကွန်ရက်) ၊ Gender Equality Network (ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်) ၊ Karen Human Rights Group (ကရင်လူ့အခွင့်အရေးအဖွဲ့) နှင့် Women League of Burma (မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်) တို့ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာအမျိုးသမီး အခြေအနေ များကို အစီရင်ခံစာတင်သွင်းကြမည်ဖြစ်ကြောင်း သိရှိရသည်။
တင်သွင်းမည့် အစီရင်ခံစာများတွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ ရင်ဆိုင် ကြုံတွေ့နေရသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် ပဋိပက္ခများအတွင်းရှိ အမျိုး သမီးများ အခြေ အနေ၊ အမျိုးသမီးများနှင့် ဦးဆောင်မှုတွင် ပါဝင်ခွင့် ရရှိသည့် အခြေအနေ၊ အမျိုးသမီးများအပေါ် ဖိနှိပ်နေသည့် ဥပဒေများ နှင့် ထုံးထမ်းစဉ်လာများ၊ ပညာရေး၊ ကျန်းမာ ရေး၊ ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ အခြေအနေများကို ထည့်သွင်း ဖော်ပြ ထားကြောင်း အဆိုပါ အမျိုး သမီး အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။