တရားရုံးချိန်းတိုင်း သပိတ်မှောက်မည်ဟု စစ်ကိုင်း အလုပ်သမားများပြော
This article has been converted from Zawgyi One to Unicode
စစ်ကိုင်း အလုပ်သမား၊ ကျောင်းသားနှင့် ဝန်းရံပြည်သူများက တရားစီရင်ရေးစနစ်ကို ယုံကြည်မှု မရှိခြင်း၊ အင်အားသုံး ဖမ်းဆီးခံရခြင်းနှင့် အချုပ်ကားပေါ်တွင် လက်ထိပ်ခတ်ခံရခြင်း တို့ကြောင့် တရားရင်ဆိုင်မည် မဟုတ်ဘဲ တရားရုံးချိန်း တိုင်းတွင် သပိတ်မှောက်ရန် စီစဉ်ထားသည်ဟု ပြောဆိုသည်။
တရားစွဲဆိုခံထားရသည့် စစ်ကိုင်းအလုပ်သမား တဦးဖြစ်သူ ဦးဝင်းမင်းဦးက“ကျနော်တို့ ရုံးချိန်းတိုင်း သပိတ်မှောက်မယ်။ အဖမ်းခံရတာရော၊ ရုံးထုတ်တာတွေရောက ဥပဒေစိုးမိုးမှု မရှိဘူးလို့ ခံစားရလို့ပါ”ဟု ဧရာဝတီကို ပြောသည်။
ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံး၌ ပြုလုပ်သည့် ၃ ကြိမ်မြောက်ရုံးချိန်းတွင် စစ်ကိုင်းအလုပ်သမား များနှင့် ဝန်းရံ ကျောင်းသားများသည် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် လာမည့်ဇူလိုင်လ ၁၃ ရက်သို့ ထပ်မံ ရုံးချိန်း လိုက်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က မီဒီယာများကို ပြောပြသည်။
ဇွန်လ ၂၉ ရက်နေ့ရုံးချိန်းတွင် တရားစွဲဆိုခံထားရသူများက အစစ်မခံသဖြင့် လာရောက်ဝန်းရံသူများကို တရားခွင်သို့ ဝင်ခွင့်မပေးသည့် အပြင် အလုပ်သမားများ၏ ရှေ့နေဖြစ်သူ ဦးအောင်သူရိန်ထွန်း သည်လည်း ရှေ့နေပါဝါ တင်ခွင့် မရသေးကြောင်း သိရ သည်။
ရှေ့နေ ဦးအောင်သူရိန်ထွန်းက “သူတို့ သပိတ်မှောက်တဲ့ အတွက် ကျနော်လည်း ပါဝါတင်လို့ မရသလို ဒီလုပ်ငန်းက တော်တော်နဲ့ ပြီးမှာမဟုတ်ဘူး။ ကျနော်တို့က ၂ ဖက်စလုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်ပြီး ဆက်သွားစေချင်တယ်”ဟု ဧရာဝတီကို ပြောသည်။
ဖမ်းဆီး တရားဆွဲဆိုခံထားရသူ ၁၅ ဦးတွင် အလုပ်သမား ၆ ဦး၊ ကျောင်းသား ၅ ဦးနှင့် ဝန်းရံပြည်သူ ၄ ဦး တို့ပါဝင်ပြီး ၎င်းတို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အသိပေးနေသည်ကို သိလျက်နှင့် ဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ရုန်းရင်းဆန်ခတ်ဖြစ်မှု ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရား စွဲဆို ထားသည်။
တရားစွဲဆိုခံရသော အလုပ်သမားများသည် စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံမှဖြစ်ပြီး အလုပ် သမား အခွင့်အရေးနှင့် ပတ်သက်၍ ပိုင်ရှင်၊ အလုပ်သမား ဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလကုန် အထိ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ခြင်းကြောင့် နေပြည်တော်သို့ ချီတက်လာစဉ် မေလ ၁၉ ရက်က တပ်ကုန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။