သတင်း

အပစ်မရပ်သေးသည့် အဖွဲ့များနှင့် အစိုးရ ရန်ကုန်တွင် တွေ့ဆုံ ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အစိုးရတို့ ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တွေ့ဆုံမည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှာ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ၉ ဖွဲ့နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့တို့ ဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် UNFC တပ်ပေါင်းစု က ဖွဲ့စည်းထားသည့် ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့ စတင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က “ချင်းမိုင်မှာ အလွတ်သဘော တွေ့ဆုံစဉ်အခါတုန်းက တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ပဲ တွေ့ဆုံဖို့ဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ UNFC ခေါင်းဆောင် တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဖို့လည်း ဖိတ်ကြားထားတာရှိတော့လေ ဒီအခြေအနေတွေ ရှင်းပြ ဖို့လည်း ကျနော်တို့ ဆွေးနွေးမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရက အပစ်မရပ်သေးသည့် အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းရန် ဖွဲ့စည်းပေးထားသည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)”နှင့် UNFC က အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဖွဲ့စည်းပေးထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုလ ၃ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

ထိုအစည်းအဝေးတွင် အစိုးရ ကိုယ်စားလှယ်များက အပစ်မရပ်သေးသည့်အဖွဲ့များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြသည်။

ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး မရှင်းလင်းသေးသည့် နောက်ဆက်တွဲ အချက်များကို ရန်ကုန်ဆွေးနွေးပွဲတွင် ထပ်မံဆွေး နွေးမည် ဟု ဆိုသည်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် DPN တို့၏ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ယခင် MPC ရုံးဟောင်းတွင် ဇူလိုင်လ ၁ ရက်နေ့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်၊ ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် စိုင်းထူး၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်း၊ ဒေါက်တာ နိုင်ရွှေသိန်း နှင့် တာ့ညီလူ တို့ပါဝင်သည့် ကိုယ်စားလှယ် ၆ ယောက်က ဦးဆောင်ပြီး တက်ရောက် ဆွေးနွေးမည် ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် UNFC အဖွဲ့ဝင် မဟုတ်သော အခြား အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) နှင့် အစိုးရတို့လည်း ဇူလိုင်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရန် နှစ်ဘက်သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

NSCN-K နှင့် အစိုးရတို့ တွေ့ဆုံမှုတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading