သူပိုင်ကိုယ်ပိုင် အငြင်းပွားလျက်ရှိသည့် နယ်နိမိတ်ပြဿနာများ ဖြေရှင်းရေး အတွက် ထိုင်း – မြန်မာ ၂ နိုင်ငံ ပူးတွဲ ကော်မတီ ဖွဲ့ပြီး နယ်နိမိတ် ပြန်လည်တိုင်းတာရန် သဘောတူညီခဲ့ကြသည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။
“၂ နိုင်ငံနယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးကို မကြာခင်မြန်မာနိုင်ငံမှာ အမြန်ဆုံး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နယ်နိမိတ် အငြင်းပွားမှုတွေကို ညှိနှိုင်းဆွေးနွေးသွားဖို့ လုပ်ဆောင်သွားမှာ”ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ဇွန်လ ၂၉ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်)ဝုန်ဆူဝန်တို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ ၂ နိုင်ငံနယ်နိမိတ်ဖြစ်သည့် သောင်ရင်းမြစ်ပေါ်တွင် ထိုင်းနိုင်ငံဘက်က ကမ်းထိန်းနံရံ တည်ဆောက်ခြင်းကြောင့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ရာ ၂ နိုင်ငံစစ်တပ်ကြား ထိတွေ့မှုတချို့ ရှိခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် ထိုင်း-မြန်မာ ၂ နိုင်ငံကြား ကြားခံဇုန်တခု သတ်မှတ်နိုင်ရေးအတွက် ပူးတွဲကော်မတီ အစည်းအဝေးတခု ပြုလုပ်မည် ဖြစ်ကြောင်းလည်း ဦးဇော်ဌေး က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံ နယ်စပ် နယ်နိမိတ်များသည် တနိုင်ငံနှင့်တနိုင်ငံ ကွဲပြားခြားနားရန် လုပ်ဆောင်ထားခြင်းမျိုး မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုများကို ၂ နိုင်ငံ မျှဝေခံစားနိုင်ရန် ဖန်းတီးထားသည် ဟု မှတ်ယူပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောထားရှိသည်ဟု ထိုင်း ဒုဝန်ကြီးချုပ်ကို ပြောဆိုခဲ့သည်။
ထို့အပြင် နိုင်ငံ နယ်စပ်တလျှောက် အကျိုးဖြစ်ထွန်းစေမည့် ပူးတွဲစီမံကိန်းများ လုပ်ဆောင်ရန်နှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လာချင်သည်ဟု ဆန္ဒထုတ်ဖော်သူ ၁၉၆ ဦး နေရပ် ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရက ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ စေလွှတ်၍ ၎င်းတို့၏ မူလဒေသသို့ ပြန်လည် နေရာ ချထား ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ အလုပ်သမားနှင့်လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်တင့်တို့ တက်ရောက်ခဲ့ကြသည်။
ထိုင်းနိုင်ငံဘက်မှ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝစ်(တ်)ဝုန်ဆူဝန်၊ အလုပ်သမားဝန်ကြီး၊ ရဲချုပ်၊ အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ စီမံကိန်းဆိုင်ရာ ဥက္ကဋ္ဌ ၊ ထိုင်းနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။