၂၁ ရာစု ပင်လုံညီလာခံနှင့် အပြိုင် ပြုလုပ်မည့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ် ကျင်းပနိုင်ရန် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက် ၅၀ ကျော်က မူကြမ်းတခု စတင်ရေးဆွဲနေပြီဟု သတင်းရရှိသည်။
အဆိုပါ မူကြမ်းတွင် ဖိုရမ် ကျင်းပရန် လမ်းညွှန်ချက်များ ပါဝင်ပြီး အရပ်ဘက် အဖွဲ့အစည်း ကွန်ရက် ၅၀ ကျော်မှ အရပ်အဘက် အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ တရပ်ဖွဲ့ကာ ရေးဆွဲနေခြင်း ဖြစ်သည်။
အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီမှ ဒေါ်နန်ရော်က “ဖိုရမ်က ဘယ်လိုပုံနဲ့ သွားမလဲ၊ ဘယ်လို စုစည်းသွားကြမလဲ၊ ဘယ်လို အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ကြမလဲ ဆိုတာတွေ ပါတယ်။ ဇူလိုင်လ ၃ ရက်ဆို ရေးဆွဲလို့ ပြီးပါပြီ” ဟု ဧရာဝတီကို ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများ ရေးဆွဲနေသည့် မူကြမ်းမှာ ဇူလိုင်လ ၃ ရက်တွင် ပြီးစီးပါက အစိုးရ ဖွဲ့စည်းထားသည့် ၂၁ ရာစုပင်လုံ ညီလာခံ ပြင်ဆင်ရေးအဖွဲ့၏ ဆပ်ကော်မတီ (၁) ကို ပြန်လည် တင်ပြရမည် ဖြစ်သည်။
ဆပ်ကော်မတီ (၁) က အရပ်ဘက် အဖွဲ့အစည်းများ တင်ပြလာသည့် မူကြမ်းမှ အကြံပြုချက်များကို ယူပြီး အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်တခုလုံးအတွက် မူကြမ်းကို အစည်းအဝေး ပြုလုပ်ကာ ပြန်လည် ရေးဆွဲကြမည်ဟုလည်း သိရသည်။
အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်နော်မူဖောထူး ကလည်း “ကျမတို့ရေးတဲ့ မူကြမ်းထဲက အကြံဉာဏ်ကို ယူပြီး သူတို့က ကိုယ်တိုင်ရေးမယ် အတည်ပြုမယ် ပြောတယ်။ ကျမတို့က စိုးရိမ်ချက်တော့ ရှိပေမယ့် မတင်ရင် ကျမတို့၊ ဒါ့ကြောင့် အခု မူကြမ်း ရေးဆွဲနေတာ ဖြစ်တယ်” ဟု ပြောသည်။
မူကြမ်းပြင်ဆင်နေပြီ ဖြစ်သည့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံနှင့် တပြိုင်တည်း ကျင်းပမည် ဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံတွင် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တိုက်ရိုက် ပါဝင်ခွင့် မရသဖြင့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ကို အစိုးရက သီးသန့် ပြုလုပ်ခိုင်းပြီး အဆိုပါ ဖိုရမ်မှ ထွက်လာမည့် အကြံပြုချက်များကို ညီလာခံတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဟုလည်း သိရသည်။
အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တိုက်ရိုက် ပါဝင်ခွင့်မရသဖြင့် ၎င်းတို့ အကြံပြုချက်များ မထိရောက်မည်ကိုလည်း စိုးရိမ်မှု ရှိသည်ဟု ဆိုကြသည်။
ဒေါ်နန်ရော်က ၎င်းတို့အနေဖြင့် ပါဝင်ခွင့် တိတိကျကျ ရလိုသည်ဟုလည်း ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ၂၁ ရာစုပင်လုံ ညီလာခံအတွက် သာမန် အကြံပြုချက် ပေးရုံ သက်သက်မျိုး မဟုတ်ဘဲ ပြည်နယ်နှင့် တိုင်းအလိုက် ပြည်သူ့ရေးရာ မူဝါဒပိုင်း ဆိုင်ရာများတွင် အသုံးချနိုင်ရန် အထိ ဆွေးနွေး တင်ပြသွားရန် ရည်ရွယ် ထားကြသည်ဟုလည်း ဒေါ်နန်ရော်က ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ဆပ်ကော်မတီ (၁) မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇွန်လ ၂၈ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မူကြမ်းကို စတင် ရေးဆွဲနေခြင်း ဖြစ်သည်။