အကြောင်းအမျိုးမျိုးပြပြီး သိမ်းယူထားတဲ့ တနိုင်ငံလုံးက မြေသိမ်းဆည်းမှုတွေကို ၆ လအတွင်း ဖြေရှင်းပေးဖို့ဆိုတဲ့ မူတခုကို ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ချမှတ်လိုက်တယ်လို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
မနေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ နေပြည်တော် သတင်းစာတိုက်နဲ့ ပုံနှိပ်တိုက်တို့က စွန့်လွှတ်ခဲ့တဲ့မြေတွေ မူလပိုင်ရှင် တောင်သူတွေဆီကို ပြန်လည် ပေးအပ်တဲ့ အခမ်းအနားအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါက်တာ မျိုးအောင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“၆ လအတွင်း ပြီးပြတ်အောင် လုပ်မယ်ဆိုတာ ဗဟိုအစည်းအဝေးမှာ ချထားတာ” လို့ ဒေါက်တာ မျိုးအောင်က ဆိုပါတယ်။
လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို အစိုးရသစ်လက်ထက်မှာ လယ်ယာမြေ ကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့ သမ္မတ ဦးထင်ကျော် အမိန့်နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အခု ဒီကော်မတီက လယ်ယာမြေနဲ့ ပတ်သက်လို့ လျော်ကြေးမရသူတွေ လျော်ကြေး အပြည့်အဝ ရဖို့နဲ့ စီမံကိန်း မလုပ်တော့တဲ့ မြေတွေကို ပြန်လည် စွန့်လွှတ်ရမယ်ဆိုတဲ့ မူဝါဒတခုကို ချမှတ်လိုက်တဲ့အတွက် နေပြည်တော် ကောင်စီ နယ်မြေမှာ စွန့်လွှတ်ရမယ့် မြေတွေ ရှိလာပြီး လျော်ကြေး၊ နစ်နာကြေး ပြန်ရမှာတွေပါ ရှိလာတယ်လို့ နေပြည်တော်က တာဝန်ရှိသူတွေက ဆိုပါတယ်။
နေပြည်တော် ကောင်စီ နယ်မြေထဲက လယ်မြေကိစ္စ ဖြေရှင်းရေးကို အဓိက တာဝန်ယူ ဆောင်ရွက်နေတဲ့ ကောင်စီဝင် တဦးဖြစ်သူ ဦးအေးမောင်စိန်ကတော့ ၆ လအတွင်းမှာ အရင်တုန်းက ဖြစ်ခဲ့တဲ့ လယ်မြေသိမ်းဆည်း ခံရတာတွေကို အတတ်နိုင်ဆုံး ပြေလည်သွားအောင်၊ ၆ လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီလို အစိုးရသစ်ရဲ့ မူဝါဒကြောင့် နေပြည်တော် ကောင်စီ နယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်ထဲက တောင်သူ ၇၀ ခန့်ဟာ ၂၀၁၃ ကနေ ၂၀၀၆ ခုနှစ်အထိ သတင်းစာတိုက်နဲ့ ပုံနှိပ်တိုက်တို့က သိမ်းယူခဲ့တဲ့ သူတို့ရဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော်ကို မနေ့က ယာယီ လယ်ပြန်လုပ်စားပိုင်ခွင့် ပုံစံ ၃ တွေ ပြန်လည် ရရှိခဲ့ကြပါတယ်။
“အခုပေးတဲ့ ပုံစံ ၃ ဆိုတာက ယာယီ အသုံးပြုခွင့် ပေးတာ။ ဒီနှစ်အတွင်းမှာတော့ ပိုပြီးတော့ သေချာတဲ့ ပုံစံ ၇ ကို ပေးမှာ။ ပုံစံ ၇ ကိုရမှ လွှဲပြောင်းခွင့်၊ အမွေပေးခွင့်၊ ရောင်းချခွင့်နဲ့ ဘဏ်က ငွေချေးခွင့်တို့ ရရှိမှာ ဖြစ်ပါတယ်” လို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က မီဒီယာတွေကို ပြောပါတယ်။
ဒါပေမယ့် ပြဿနာတခု ရှိနေတာကတော့ ဝန်ကြီးဌာနတွေက အသုံးမချတော့တဲ့ မြေတွေကို ပြန်စွန့်လွှတ်ပေမယ့် သိမ်းယူစဉ်က သူတို့ရရှိခဲ့တဲ့ လျော်ကြေးငွေတွေကိုတော့ အစိုးရဆီကို ပြန်လည် ပေးသွင်းရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအကြွေးတွေကို ဆပ်နေရရင် စား၊ ဝတ်၊ နေ၊ ရေး မပြေနိုင်ဘူးလို့ လယ်သမားတွေက တင်ပြတဲ့အခါ လယ်သမားတွေကို တလုံးတခဲတည်း ငွေထုတ်ချေးထားပြီးတော့ နည်းလမ်းရှာ ပြန်ဆပ်ခိုင်းဖို့ စဉ်းစားပေးမယ်လို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက ဆိုပါတယ်။
မြေပြန်ရရှိတဲ့ ဝဲကြီးကျွေးရွာမှ လယ်သမားတဦးဖြစ်သူ ဦးဇော်ခင်ရဲ အဆိုအရ အခုရရှိတဲ့ မြေတွေဟာ ယာယီ လုပ်ပိုင်ခွင့်ပေးတာသာ ဖြစ်ပြီး သေချာတဲ့ ပုံစံ ၇ ရရှိဖို့ကတော့ ယူထားတဲ့ လယ်မြေ လျော်ကြေးတွေ ပြန်သွင်းနိုင်မှ ဖြစ်မယ်လို့ ကြားသိထားကြောင်း ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် နေပြည်တော် စည်ပင် နယ်မြေထဲမှာ တဲထိုးပြီး ဝင်ရောက်နေထိုင်နေတဲ့ လယ်သမားတွေကို ဖယ်ပေးရင် လျော်ကြေးပေးမယ်လို့ အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေဘဲ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ကျနော်တို့က ဖယ်ပေး၊ လျော်ကြေးပေးမယ်လို့ ပြောတယ်။ သူတို့က ကျနော်တို့ကို မယုံဘူး။ ရော့ပတ္တမြား ရော့နဂါး လုပ်ချင်တာ။ အဲဒီလိုကတော့ မဖြစ်ဘူး။ သွားပြီးတော့ ဖြေရှင်းတဲ့ အရာရှိတွေရဲ့ စကားကို လက်တွေ့မယုံသေးတဲ့ သဘောပေါ့။ ဒါပေမယ့် ကျနော်တို့ ညှိနှိုင်းပြီး လုပ်သွားမှာပါ” လို့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ဆိုပါတယ်။
နေပြည်တော် ဒက္ခိဏသီရိ ခရိုင်ထဲမှာရှိတဲ့ သံတမန်ဇုန် စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေဧက ၁၀၀၀ ကျော်ကို လက်ရှိအချိန်အထိ အသုံးချတာ မရှိသေးဘဲ သိမ်းယူစဉ်က လျော်ကြေးကလည်း နည်းတဲ့အတွက် နစ်နာတယ်ဆိုပြီး မူရင်း မြေသိမ်းခံတောင်သူတွေက တင်ပြလာတဲ့အတွက် ပြန်လည် ရှင်းလင်းပွဲတခုကို ဒကိ္ခဏသီရိ စည်ပင်ကော်မတီရုံးမှာ မနေ့က ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါသေးတယ်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီရဲ့ ရှင်းလင်းချက်အရ ဒီမြေတွေကို သံတမန်များအတွက် သံရုံးတွေ ဖွင့်လှစ်သွားမှာ ဖြစ်လို့ မူလတောင်သူ တွေဆီကို ပြန်မပေးနိုင်ပေမယ့် သိမ်းယူခဲ့စဉ်ကာလက လျော်ကြေးငွေဟာ ခေတ်ကာလ ပေါက်ဈေးနဲ့ နှိုင်းယှဉ်တဲ့အခါ နစ်နာတယ်လို့ ယူဆရင် ထပ်မံ တောင်းခံနိုင်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။
ပြီးတော့ သံတမန်ဇုန် စီမံကိန်းဟာ ဆက်လက် ဆောင်ရွက်နေပြီး အခုဆိုရင် မလေးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့ မြေငှားရမ်းမှု စာချုပ် ချုပ်ဆိုပြီးဖြစ်လို့ တည်ဆောက်မယ့် နေရာတောင် ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့ အရင်အစိုးရ လက်ထက်ကလည်း ဖြေရှင်းမှုတွေ လုပ်ခဲ့ပေမယ့် ပြန်လည် စွန့်လွှတ်ပေးတဲ့ အဆင့်အထိ မရောက်ခဲ့သလို တပ်မတော် အနေနဲ့လည်း နေပြည်တော် ကောင်စီနယ်မြေထဲက အသုံးမပြုလိုတော့တဲ့ မြေတွေကို ပြန်လည် စွန့်လွှတ်မယ်ဆိုပြီး အကြောင်းကြားတာ မရှိသေးဘူးလို့ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် ဆီကနေ သိရပါတယ်။