သတင်း

မွတ်ဆလင် ဥပုသ်လမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှား

This article has been converted from Zawgyi One to Unicode

အစ္စလာမ်ဘာသာအကြောင်း နားလည်သဘောပေါက်မှုကို မြှင့်တင် အထောက်အပံ့ပေးရန် မြန်မာနိုင်ငံမှ အရပ်ဘက် အဖွဲ့အစည်းအချို့က ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုများကို မွတ်ဆလင်များ၏ ရမာဒမ်ဥပုသ်လအတွင်း ပြုလုပ်နေကြသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကိုးကွယ်ယုံကြည်မှု မတူညီကြသော အသိုင်းအဝိုင်းများ ကြားတွင် အပြန်အလှန် နားလည်နိုင်ရန်နှင့် အခြားဘာသာအကြောင်းကိုလည်း ပိုမိုသိရှိလာရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု သူတို့က မျှော်လင့်ထားသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် အချို့၏ကြားတွင်  ပဋိပက္ခများ ဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်ရပ်အများစုမှာ ကောလဟာလများ၊ အချင်းချင်း နားလည်မှုလွဲမှားခြင်းနှင့် အခြားသော သူများ၏ ကိုးကွယ်ရာ ဘာသာများနှင့် ပတ်သက်၍ ဗဟုသုတနည်းပါးခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

အစ္စလာမ်ဘာသာအကြောင်း များစွာ မသိသော ဗုဒ္ဓဘာသာဝင်တဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုပိုင်အောင်တွင် မွတ်စလင်သူငယ်ချင်းများ ရှိသော်လည်း ဗလီတခု အတွင်းသို့ တခါမှမရောက်ခဲ့ဖူးပါ။

သို့သော် မကြာသေးခင်က ကိုပိုင်အောင်သည် အစ္စလမ်ဘာသာနှင့် ပတ်သက်၍ ပိုမိုသိရှိလာအောင် စူးစမ်းမည်ဟု ဆုံး ဖြတ်ခဲ့ပြီး ရန်ကုန်မြို့ရှိ ဗလီတခုသို့ သွားရောက်ခဲ့သည်။ ဝတ်ပြုမည့်သူများက ဗလီအတွင်းသို့ မဝင်ရောက်မီ မည်သည့် အတွက်ကြောင့် ခြေထောက်ဆေးရသည့် အကြောင်းနှင့် နံရံများတွင်ရေးသားထားသည့် စာသားများ၏  အဓိပါ္ပယ်များကို သူမေးမြန်းခဲ့သည်။

“ကွဲပြားခြားနားတဲ့ ကိုးကွယ်ရာ ဘာသာတွေရဲ့ အကြောင်းကို လေ့လာဖို့ အရေးကြီးပါတယ်။ အဲလိုမှ မဟုတ်ရင် အနာဂတ် မှာ ပိုပြီးဆိုးရွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ လက်ရှိမှာ အစ္စလာမ်ဘာသာကို မနှစ်သက်ကြတာ အများကြီး တွေ့နေရ တယ်။ လူငယ်တွေအနေနဲ့ ဒါကိုပိုပြီး နားလည်သဘောပေါက်ဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်”ဟု ကိုပိုင်အောင်က ပြောသည်။

“မွတ်ဆလင်တွေအကြောင်းကို ပိုပြီး ရှင်းရှင်းလင်းလင်းသိတယ်ဆိုရင် ကျနော်တို့ အနေနဲ့ လူမျိုးဘာသာ မခွဲခြားဘဲ တယောက်နဲ့တယောက် ပိုပြီး ဆက်ဆံရေး ကောင်းလာနိုင်ပါတယ်” ဟု ကိုပိုင်အောင်က ပြောသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ပတ်သက်၍ စီးပွားရေး အကျိုးအမြတ် မမျှော်ကိုးသည့် ပြည်တွင်းအဖွဲ့အစည်းတခုက အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ်လတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုများ၌ ဝင်ရောက်ဆွေးနွေးရန်နှင့် ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံသားများအား တိုက်တွန်းရန် အချိန်ကောင်းတခုဖြစ်သည်ဟု ယုံကြည်သည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက ထိုဥပုသ်ကာလအတွင်း “အစ္စလမ်ဘာသာဝင်တွေက စိတ်အေးချမ်း နေကြတယ်။ သူတို့အနေနဲ့ နားထောင်ဖို့ အဆင်သင့်ပါပဲ နားလည်ပေးဖို့လည်း အဆင့်သင့်ပါပဲ”ဟု ထောက်ပြခဲ့သည်။

“ဇူလိုင်လမှာ ဝါတွင်း သုံးလကာလ ကလည်း မြန်မာလူမျိုးတွေ သံယာတော်တွေအတွက် ဥပုသ်လတွေပါပဲ။ အဲဒါကြောင့် ဒီကာလအတွင်းမှာ ၂ ဖက်က ဘာသာရေးခေါင်းဆောင်တွေ လူ့အဖွဲ့အစည်းတွေအတွက် ကျနော်တို့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပါတယ်”ဟု ဦးမြင့်ဆွေက ပြောသည်။

Center for Youth & Social Harmonyမှ တည်ထောင်သူ ကိုအောင်ကိုကိုကလည်း “ဒီလိုအချိန်မှာ ဘာသာ တခုနဲ့တခု နားလည်မှုရဖို့အတွက် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးရပါမယ်။ အဲဒီလို အခွင့်လမ်းတွေက အထူးသဖြင့် ဗုဒ္ဓဘာသာနဲ့ အစ္စလမ် ဘာသာဝင်တွေအကြား ပိုပြီး နားလည်မှု ရနိုင်ပါလိမ့်မယ်”ဟု ပြောသည်။

ထို့သို့ ကနဦးခြေလှမ်းများကို အစိုးရသစ်က ကူညီထောက်ပံ့ပြီး ဦးဆောင်အားပေးကာ ပါဝင်လိမ့်မည်ဟုလည်း ကိုအောင် ကိုကိုက မျှော်လင့်သည်။ အကယ်၍သာ အစိုးရက ပူးပေါင်းပါဝင်လျှင် ထိုသို့လှုပ်ရှားမှုများသည် နိုင်ငံတလွှားသို့ ပျံ့နှံ့ပြီး ပြည်သူများလည်း ပိုမိုနားလည်လာကြလိမ့်မည်ဟု ကိုအောင်ကိုကိုက ယုံကြည်နေသည်။

အကျိုးအမြတ်မမျှော်ကိုးသော အဖွဲ့အစည်းအချို့က အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အောင်မြင်မှုနှင့် စည်းလုံးမှုတို့ အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုများ စတင်ရန် ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော ဒေသများမှ ဘာသာပေါင်းစုံ ခေါင်းဆောင်များကို အားပေးတိုက်တွန်းမှုများ ဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတလွှားမှ ထိုကဲ့သို့ ကနဦးလှုပ်ရှားမှုများမှာ အထူးသဖြင့် လူငယ်နိုင်ငံသားများကို ဦးတည်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

(စင်ကာပူရုပ်သံ Channel NewsAsia မှ May Wong ၏ Muslim holy month a time for inter-faith unity: Myanmar civil groups ကို ဘာသာပြန်ဆို ဖော်ပြသည်)

Loading