သတင်း

ပဲခူးတိုင်းရှိ ရွာ ၂ ရွာ မြစ်ရေတိုက်စား၍ ရွှေ့ပြောင်းရန် အကူအညီလို

This article has been converted from Zawgyi One to Unicode

ပဲခူးတိုင်း အနောက်ပိုင်း၊ မိုးညိုမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မြစ်မခမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး မြစ်ဘေးရှိ ကျေးရွာနှစ်ရွာမှ နေအိမ် ၁၅၀ ကျော် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရပြီး အိမ်ခြေ ၃၅၀ ထပ်မံ ပြောင်းရွှေ့ရမည့် အခြေအနေ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လဆန်းပိုင်း မှစတင်ပြီး မြစ်ရေတိုက်စားပြီး နေ့စဉ် မြေပြိုနေသဖြင့် မြစ်ဘေးရှိ အင်းတော် တလုတ်ပင်ရွာနှင့် မကျီးကုန်း ကျေးရွာတို့မှ နေအိမ်များ ရွာလုံးကျွတ် ပြောင်းရွှေ့ရန်အတွက် အကူအညီပေးရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြအေးထံ တောင်းဆိုထားကြောင်း ပဲခူးတိုင်းမဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က ဧရာဝတီကို ပြောသည်။

“နည်းနည်းချင်းပြိုတာ ၁၀ နှစ်လောက် ရှိပြီ၊ ဒီနှစ်က အပြိုကြမ်းတယ်။ တော်တော်လေး အခြေအဆိုးတယ်။ ဖျက်ရတဲ့ အိမ်တွေက အိမ်ကြီးအိမ်ကောင်း ၉၀၊ ဝါးအိမ်သွပ်အမိုးနဲ့က ၆၀၊ အားလုံးပေါင်း ၁၅၀ လောက် ရှိတယ်။ နောက်ထပ် ပြိုဖို့ အလားအလာတွေ ရှိတယ်။ ပြည်ထောင်စုဝန်ကြီးကို တင်ပြထားတယ်” ဟု ဒေါက်တာ ဝင်းမြင့်က ဆိုသည်။

နေအိမ်များ ရွှေ့ပြောင်းထားရသည့် မိသားစုများမှာ ရွာတွင်းရှိ ဆွေးမျိုးသားချင်းများ၏ နေအိမ်ခြံဝန်းများအတွင်း ယာယီတဲထိုး နေထိုင်နေကြပြီး တာရိုးများ ကာရံထားသည့် မြစ်မခမြစ် တလျှောက်တွင်လည်း ယာယီနေအိမ်များ ဆောက်လုပ် နေထိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

အင်းတော် တလုပ်ပင်ကျေးရွာ ဇေယျသိဒ္ဓိကျောင်းတိုက် ဆရာတော် ဦးသိဒ္ဓိဝရက “အိမ်တွေ ဖျက်နေရတယ်။ မနှစ်ကလည်း ရေဘေးဒဏ်ကို အလူးအလဲခံခဲ့ရတယ်။ အခု ကမ်းပါး ရေတိုက်စားပြန်တော့ ဒုက္ခအမျိုးမျိုး ခံနေရလို့ အကူအညီ တောင်းခံရတာပါ။ ဌာနဆိုင်ရာအားလုံး လာပြီးတော့ ဦးပဇ္ဈင်းတို့ကို ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဧရာဝတီကို မိန့်သည်။

အင်းတော်တလုတ်နှင့် မကျီးကုန်းကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၅၀၀ ခန့် ရှိပြီး လူဦးရေ ၂၀၀၀ နီးပါး နေထိုင်ကြကြောင်းနှင့် ရွာသူရွာသားများသည် ရေလုပ်သား၊ ကိုင်းကျွန်းစိုက်ပျိုးရေးနှင့် လက်လုပ်လက်စား အလုပ်များဖြင့် အသက်မွေး နေထိုင်သူများ ဖြစ်ကြကြောင်း ဦးသိဒ္ဓိဝရက မိန့်ကြားသည်။

သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများအား အမြန်ဆုံး လာရောက်ကူညီပေးရန် ပဲခူးတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်အား လိပ်မှု၍ ဇွန်လ ၆ ရက်က တရားဝင် အကြောင်းကြားစာ ပေးပို့တောင်းဆိုထားသော်လည်း တိုင်းအစိုးရ၏ အကူအညီများ မရရှိသေးကြောင်း မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုက ဧရာဝတီကို ပြောသည်။

“ဇွန် ၆ ရက်က ဝန်ကြီးချုပ်ဆီကို စာနဲ့အသိပေးတယ်။ ဒီနေ့အထိ ဘာမှ ဆောင်ရွက်ပေးခြင်း မရှိသေးဘူး။ အစိုးရတရပ် ဆိုတာ ဒီလိုမျိုး သဘာဝဘေးအန္တရာယ် တွေကြုံလာတာပဲဖြစ်ဖြစ်၊ လူတွေဒုက္ခရောက်တဲ့ အခါပဲဖြစ်ဖြစ် အချိန်နဲ့တပြေးညီ လုပ်ပေးရမှာပေါ့ဗျာ။ အစိုးရအနေ့နဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီးဆောင်ရွက်ပေးဖို့ အလိုရှိပါတယ်” ဟု ဦးဝင်းကိုက ဆိုသည်။

မြစ်မခံမြစ်သည် လက်ပံတန်း၊ တော်လှသတ်၊ ထိန်တော၊ မိုးညို၊ ရေကင်း၊ တာပွန်၊ နတ္တလင်းမြို့တို့အား ဆက်သွယ် ထားသည့် မြို့နယ်ချင်းဆက် ကားလမ်းမကြီးနှင့် ကိုက် ၁၀၀ ခန့်သာ ကွာဝေးသောကြောင့် ကားလမ်းမကြီးကို ထိခိုက်လာမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း ဦးဝင်းကိုက ဆက်ပြောသည်။

Loading