သတင်း

၂၁ ရာစု ပင်လုံညီလာခံ တက်ရေး၊ မတက်ရေး မိုင်ဂျာယန် ညီလာခံက အဖြေထွက်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ကို မည်သည့် အဖွဲ့အစည်းများ တက်ဖြစ် မတက်ဖြစ် ဆိုသည်မှာ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ယခုလ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ ညီလာခံပြီးမှ တိကျသည့် အဖြေ ထွက်မည်ဟု အပစ်မရပ်သေးသည့် လက်နက်ကိုင်အဖွဲ့များ ဘက်က ပြောဆိုလိုက်သည်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့ ရန်ကုန်မြို့ရှိ အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ တွေ့ဆုံဆွေးနွေးအပြီး DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က သတင်း မီဒီယာ များ ကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ခူးဦးရယ် က “၂၁ ရာစု ပင်လုံညီလာခံကို တက်မယ် မတက်ဘူးလို့ ဖြေရမယ့်အချိန် မဟုတ်သေးဘူးလို့ နားလည်ပါတယ်။ ကျနော်တို့သွားရမယ့် လုပ်ငန်းစဉ်တွေက အဆင့်တွေ ရှိပါသေးတယ်။ အဲဒီ လုပ်ငန်းစဉ်ထဲမှာ ကျနော်တို့ မိုင်ဂျာယန် ညီလာခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လုပ်မှာရှိပါတယ်။ အဲဒီညီလာခံလုပ်ပြီးမှပဲ ကျနော်တို့ ဘယ်လို တက်ကြမယ်၊ ဘယ်သူတွေ တက်ကြမယ်၊ အဲဒီကိစ္စကို တဆင့်ခြင်း အစီအစဉ်မှာ ညှိနှိုင်းဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

DPN အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထား သည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖွဲ့စည်းပေးထားသည့် ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

ယခုလအတွင်း ပြုလုပ်မည့် မိုင်ဂျာယန် ညီလာခံတွင် UNFC အဖွဲ့ဝင်များ၊ UNFC တွင် မပါဝင်သေးသည့် အဖွဲ့များ၊ အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အဖွဲ့များ စသဖြင့် မတူညီသည့် လက်နက်ကိုင်အဖွဲ့စုံ တက်ရောက်ကြမည် ဖြစ် ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တက်ရောက်နိုင်ရေး အတွက် ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့ဆွေးနွေးပွဲတွင် ယခုလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ဖက်ဆွေးနွေးခဲ့ကြသည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ နောက်ဆက်တွဲ ကိစ္စရပ်များကို ထပ်မံဆွေးနွေးခဲ့ကြပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၌ လက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်နိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး ညှိနှိုင်းခဲ့ကြသည်ဟု သိရ သည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေ က “UNFC ဥက္ကဋ္ဌ နဲ့ တွေ့ဆုံဖို့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုတယ်။ ရက်ကတော့ နှစ်ဖက် ခေါင်းဆောင်တွေ အဆင်ပြေမယ့် ရက်ကို ညှိနှိုင်းဖို့ပဲလိုပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ (ဇူလိုင်) လလယ်ပိုင်းမှာ တွေ့ဖို့ မူအားဖြင့်တော့ သဘောတူ ပါတယ်”ဟု သတင်းထောက်များကို ပြောသည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အဖွဲ့ နှင့် DPN ကိုယ်စား လှယ် အဖွဲ့ တို့ကြား တွေ့ဆုံဆွေးနွေးရန်လိုသည့် အကြောင်းအရာများကို နှစ်ဖက်ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရေးအတွက်လည်း ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကိုလည်း တွေ့ဆုံဆွေးနွေးရန် ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း ဦးလှမောင်ရွှေ က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading