ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရွာရှိ မွတ်စလင် ဝတ်ပြုဆောင် တခုကို အမည်မသိ လူအုပ်စု တခုက ယနေ့ နေ့လည် ၃ နာရီခွဲခန့်က ဖျက်ဆီး မီးရှိုှု့သွားကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့ထံက သိရသည်။
လတ်တလောတွင် ဝတ်ပြုဆောင်ကို မီးရှို့သူများ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အခြေအနေကို ထိန်းသိမ်းနေကြောင်း သိရသည်။
“ဖြစ်စဉ်အတိအကျကိုတော့ ကျနော်တို့ မသိရသေးဘူး။ အခုတော့ ပြည်နယ်ရော ခရိုင်ကရဲတပ်ဖွဲ့တွေပါ လုံးခင်းအထိ ဆင်းသွားပြီ။ ရွာမှာလည်း လုံခြုံရေးအပြည့်အဝ ယူထားတယ်။ အင်အားတွေလည်း ထပ်တိုးပြီး ချထားမယ်။ ဖြစ်စဉ် အသေးစိတ်ကြေးနန်းကတော့ တက်မလာသေးလို့ မသိရသေးဘူး”ဟု မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
အဆိုပါ ဝတ်ပြုဆောင်ကို ဇွန် ၃၀ ရက်နေ့တွင် ဒေသခံများအပါအဝင် လူအချို့က အပြီးသတ်ဖျက်သိမ်းရန် ပြောဆိုထားသော်လည်း မဖျက်သည့်အတွက် အမည်မသိ လူအုပ်စု တစုက လာရောက် မီးရှိုှု့သွားကြောင်း၊ ဖြစ်စဉ်တွင် လူထိခိုက်မှု မရှိကြောင်း သိရသည်။
“ဖြစ်တာက အဲဒီဗလီနားမှာ တံတားတစင်းဆောက်ခဲ့တယ်။ ဆောက်တော့ ဂိုဒေါင်တလုံးကို ဆောက်တဲ့သူတွေက ဒီအတိုင်းထားသွားတယ်။ အဲဒါကို လူတချို့က ဗလီဆရာကို ဖျက်ခိုင်းတော့ ဂိုဒေါင်ကို ဖျက်ပေးတယ်။ ဒါပေမယ့် ဗလီကိုပါ ထပ်ဖျက်ခိုင်းတော့ ဗလီဆရာက လက်မခံဘူး။ အစိုးရလာဖျက်ရင် လက်ခံတယ်။ တခြားသူဖျက်တာ လက်မခံဘူးလို့ ပြောတာ” ဟုလုံးခင်းဒေသခံ တဦးက ပြောသည်။
အဆိုပါ ဝတ်ပြုဆောင်ကို ဇွန် ၃၀ ရက်တွင် အပြီးသတ် ဖျက်သိမ်းပေးရန် ဒေသခံ မဘသ အဖွဲ့ဝင်များက ဇွန် ၂၀ ရက်ကတည်းက စာဖြင့် ထုတ်ပြန်သတိပေးခဲ့ကြောင်း တူရကီအစိုးရ Anadolu Agency သတင်းမှ ဖော်ပြချက်အရ သိရသည်။
(ဧရာဝတီသတင်းထောက် မေစစ်ပိုင်နှင့် ဇာနည်မာန် ပူးပေါင်းရေးသားသည်)