သတင်း

မန္တလေးတိုင်းတွင် မြို့ ပြ စီမံကိန်းအမည်တပ် မြေချထားပေးမှု အထူးစုံစမ်းရေးအဖွဲ့ဖွဲ့စစ်မည်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်းတွင် အစိုးရအကူးအပြောင်းကာလ မြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်ဖြင့် အများပြည်သူ နှင့် သက်ဆိုင်သည့် မြေဧကများချထားပေးမှုနှင့်ပတ်သတ်ပြီးတိုင်းအစိုးရအဖွဲ့ကမြေယာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာစစ်ဆေးသွားမည်ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

“တတ်နိုင်သမျှ မြန်မြန်ဖွဲ့မယ်။ ဒီကိစ္စတွေကို ပြန်စုံစမ်းမယ်။ ပြည်သူအတွက် လုံးဝအကျိုးမပြုဘူးဆိုရင်တော့ လွှတ်တော်ကပယ်ဖျက်လို့ ရပါတယ်” ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အပြီး ဝန်ကြီးချုပ်ကမီဒီယာများသို့ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မန္တလေးလွှတ်တော်အထူးအစည်းအဝေးတွင် ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကအစိုးရအကူးအပြောင်းကာလများအတွင်းအများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအားလူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချထားပေးမှုများ ပြန်လည်စိစစ်၍ အများပြည်သူအကျိုးအတွက် စနစ်တကျစီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရေးအဆိုတရပ် တင်သွင်းခဲ့ပြီးယင်းအဆိုအပေါ် တိုင်းအစိုးရကနောက်ဆက်တွဲအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။
အမရပူရမြို့နယ်မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “ဘာအတွက်ပေးတယ်ဆိုတာမရှိဘဲ
မြေကွက်လပ်ကျန်လို့ လျှောက်ကြတဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ မြေကွက်တွေ ချပေးတဲ့ထဲမှာသာမာန်ပြည်သူတွေတယောက်မှမပါဘူး။ တကွက်နှစ်ကွက်မဟုတ်ဘဲဧကကွက်တွေကိုလုပ်ငန်းရှင်တွေကိုချပေးတာများတယ်” ဟုရှင်းလင်းပြောကြားသည်။

ယခင်း မန္တလေးတိုင်းဒေသကြီးအစိုးရကလုပ်ငန်းရှင်များအတွက် ချထားပေးသည့် မြေကွက်များအတွက် ဂရန်ကိုလည်းရက်ပိုင်းအတွင်းချထားပေးခဲ့ကြောင်းသိရှိရသည်။

ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က “လေ့လာတွေ့ရှိသလောက် ၆ ဧကကျယ်တဲ့ မြေကွက်တကွက်ကိုဂရန်ချပေးတာ ၂၆ ရက်ပဲ ကြာတယ်။ တကယ်လုပ်ထုံးလုပ်နည်းအရဆို ၃ လကနေ ၆ လအထိကြာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပွင့်လင်းမြင်သာမှုမရှိသလိုနီးစပ်ရာစားတော်ခေါ်စနစ်နဲ့ မြေနေရာတွေ ချထားပေးခဲ့တယ်လို့သုံးသပ်မိပါတယ်” ဟုပြောသည်။

အဆိုပါမြေယာချထားပေးမှုကိစ္စတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် ချထားပေးခဲ့ကြပြီးလူပုဂ္ဂိုလ်တဦးတည်းကိုမြေဧကအများအပြားချထားပေးခြင်း၊ မြေဖို့လျှင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် မြို့၏ရေဝေရေလဲဧရိယာများတွင် နေရာချထားပေးခြင်း၊ ကာလပေါက်ဈေးထက် မြေတန်ဖိုးလျော့ချ သတ်မှတ်ခြင်းအိမ်ခြံမြေအခွန်ရှောင်ခြင်းကိစ္စများပါ တွေ့ရှိရကြောင်းလွှတ်တော်အမတ်များကဆိုကြသည်။

မြေကွက်ချထားပေးမှု စိစစ်ဖော်ထုတ်ရန် အဆိုကို မန္တလေးလွှတ်တော်၏ သဘောထားရယူရာကန့်ကွက်သူမရှိထောက်ခံသည့်အတွက် ဆက်လက် အကောင်အထည်ဖော်ရန် တိုင်းအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဟုဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

မြေယာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင် သည့်ဝန်ကြီးဌာန၊ ဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းကာ အစိုးရအကူးအပြောင်းကာလအတွင်းမြေယာချထားပေးခဲ့မှုများအားစစ်ဆေးသွားမည်ဖြစ်ပြီးရလဒ်များကိုပြည်ထောင်စုလွှတ်တော်အထိအစီရင်ခံသွားမည်ဖြစ်ကြောင်းသိရှိရသည်။

နာမည်ကြီးလုပ်ငန်းရှင်များပါဝင်ကာ လူပုဂ္ဂိုလ်တဦးချင်းလျှင် ၁၀ ဧကကျော်ချထားပေးသည့်အထိရှိပြီးမြေကွက်များကိုဆေးရုံ၊ ဈေးဝယ်စင်တာ၊ မြို့ပြစီမံကိန်းအသစ်ဖော်ဆောင်ရန်၊ ဓာတ်ဆီဆိုင်၊ ဟိုတယ်၊ လယ်ယာထွက်ကုန် အရောင်းပြခန်းဖွင့်လှစ်ရန်ဟုတင်ပြ လျှောက်ထားကြကြောင်းသိရှိရသည်။

Loading