၂၀၁၄ ခုနှစ်က ဇန်နဝါရီလက ပြဌာန်းခဲ့ပြီး ဖြစ်သည့် စားသုံးသူအကာအကွယ်ရေးဥပဒေသည် စားသုံးသူအခွင့်အရေးများကိုအပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်ပင်၍ အသစ် ပြန်လည်ရေးဆွဲသွားမည် ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စာသုံးသူရေးရာညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးကပြောသည်။
“အားလုံးကို ခြုံငုံမိဖို့အတွက် ဥပဒေသစ် ပြန်ပြီးရေးဆွဲဖို့ လုပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေဆွဲပြီးမှ ဥပဒေနဲ့ လွတ်တာတွေကများနေလို့ပါ”ဟုဦးလှမော်ဦးကပြောသည်။
ယမန်နေ့ကနေပြည်တော် စီးပွားကူးသန်း ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ ရှေ့ဆက်လုပ်ငန်းစဉ်များရှင်းလင်းပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးလှမော်ဦးကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
စာသုံးသူအခွင့်အရေးအားလုံးကို ခြုံငုံနိုင်ခြင်းမရှိသည့် အထက်ပါ ဥပဒေကြောင့် ရက်ပေါင်း ၉၀ အတွင်း၌ နည်းဥပဒေရေးဆွဲနိုင်ခဲ့ခြင်းမရှိသလိုနည်းဥပဒေရေးဆွဲမည် ဆိုပါကလည်းမူရင်းဥပဒေကငယ်၍ နည်းဥပဒေက အလွန်ကြီးနေမည့် သဘော ဖြစ်နေသည့်အပြင် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် အချက်အလက်ကများနေကြောင်းသိရသည်။
ဦးလှမော်ဦးက“ဒါကို Review လုပ်တယ်။ ဒုတိယအကြိမ် စားသုံးသူဗဟိုကော်မတီ အစည်းအဝေးမှာ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ကော်မတီတခုဖွဲ့ပြီးအသစ်ပြန်ဆွဲဖို့အတွက် လုပ်ရမှာ။ ဥပဒေတခုဆွဲတယ်ဆိုတာခင်ဗျားတို့ သိမှာပါ။ ဟိုတုန်းက မြန်မြန်ဆွဲခဲ့တော့ တကယ့်လက်တွေ့ မြေပြင်မှာလုပ်တဲ့အချိန်ကျတော့ ဥပဒေနဲ့ လုပ်ဖို့အတွက် တွေ့ရတဲ့ အခက်အခဲတွေ ရှိတယ်”ဟုပြောသည်။
လက်ရှိ ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေအရစားသုံးသူကို အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ကုန်ပစ္စည်းများကိုရောင်းချခြင်းများ ပြုလုပ် နေသော်လည်းဥပဒေတွင် ပြစ်မှု၊ ပြစ်ဒဏ် မပါသဖြင့် အရေးယူ၍ မရဘဲရောင်းချခွင့် ပိတ်ပင်သည့်အဆင့်သာလုပ်နိုင်သေးကြောင်း၊ စားသုံးရန် မသင့်သည့် ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ အများဆုံးပို့နေသည့် နိုင်ငံမှာတရုတ်နှင့် အိန္ဒိယ နိုင်ငံတို့ ဖြစ်ပြီးလက်ရှိအချိန်အထိလည်းတရားမဝင် ဝင်ရောက်နေဆဲ ဖြစ်သည်ဟုစီးပွား/ကူးသန်း ဝန်ကြီးဌာနကပြောသည်။
“တရုတ်ပြည်က ဝင်နေတဲ့ စားသောက်ကုန်ကမျိုးစုံပဲ။ မီးရှို့လိုက်ရင်တောင် အစက်အစက်နဲ့ ကျတယ်။ သကြားချောင်းတို့ အသားချောင်းတို့ ဆိုတာမျိုးတွေက တရားမဝင် ဝင်လာခဲ့တဲ့ ကုန်ပစ္စည်းတွေပါ။ ဒါမျိုးတွေကအန္တရာယ်ရှိတဲ့အတွက် တွေ့တာနဲ့ သတိပေးတယ်။ နောက်တကြိမ် သတိပေးတယ်။ နောက်ဆုံးမရရင်တော့ တရားစွဲရမှာ”ဟုအထက်ပါ အရာရှိကပြောသည်။
သူကဆက်လက်၍ “လားရှိုးမှာကျနော်တို့ကသွားစစ်တယ်။ ဆီထုတ်လုပ်ခွင့် လိုင်စင်ရထားပြီး FDA ထောက်ခံချက် မရထားဘူး။ လားရှိုးဒေသကထွက်တဲ့ မြေပဲတွေကို ကြိတ်ခွဲပြီးဆီထုတ်ရောင်းခဲ့ပေမယ့် နောက်ပိုင်းမှာကုန်ကြမ်းမရရှိတဲ့အခါ တရုတ်ပြည်ကဆီတွေ တရားမဝင် တင်သွင်းပြီးတော့ သူတို့ရဲ့ တံဆိပ်တွေ ကပ်ပြီးရောင်းနေတာ”ဟုပြောသည်။
ထို့ကြောင့် တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာပြီးမှ ဖျက်ဆီးခြင်းထက် ဝင်လာမည့် လမ်းကြောင်းတွင် ပိတ်စောင့်နေပါကပိုမိုထိရောက်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တရားမဝင် ကုန်သွယ်မှုှုများကိုထိန်းချုပ်ရန် Mobile Team ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သော်လည်းယခုအစိုးရလက်ထက်တွင် ဥပဒေပြဌာန်းပြီးမှသာသေချာစွာဆောင်ရွက်နိုင်မည်ဟုသိရသည်။
“လက်ရှိမပြင်ရသေးတဲ့ ဥပဒေအပေါ်မှာလည်းအမိန့်နဲ့ ညွှန်ကြားချက်အတွက် ရှေ့နေချုပ်ရုံးမှာဥပဒေကြောင်းအရ အသက်ဝင်အောင် တင်ပြထားတုန်းပဲရှိသေးတယ်။ လောလောဆယ်မှာတော့တရားစွဲဆိုခြင်းမရှိဘဲနဲ့ မန္တလေးက ဖြစ်စဉ်တခုမှာတော့ အေးခဲကြက်သားတွေကိုသက်ဆိုင်ရာအအေးခန်းမှာသွားစစ်တယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အခါ ကြက်သားတွေကိုတော့ ဖျက်စီးပစ်လိုက်တယ်။ လူကိုတော့ အရေးယူလို့ မရဘူး”ဟုဦးလှမော်ဦးကပြောသည်။
ထို့ပြင် စားသုံးသူကာကွယ်ရေးဗဟိုကော်မတီကိုဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ပြီးတိုင်းနှင့် ပြည်နယ်များတွင်လည်းကော်မတီများဆက်လက် ဖွဲ့စည်းလျက်ရှိရာတိုင်းနှင့် ပြည်နယ် ၂ ခုသာဖွဲ့စည်းရန် ကျန်တော့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကိုလည်းလက်ရှိဥပဒေအရသီးခြားဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနကပြောသည်။
စားသုံးသူကာကွယ်ရေးအတွက် စာသုံးသူဦးစီးဌာနအနေဖြင့် ပြည်သူလူထုကိုအသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးအတွက် အစည်းအဝေးများ ကျင်းပခြင်း၊ ထုတ်ကုန် လုံခြုံစိတ်ချရမှု ကော်မတီဖွဲ့စည်းခြင်း၊ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးကော်မတီဖွဲ့စည်းထားခြင်းနှင့် သင်တန်းများဖွင့်လှစ်ပို့ချခြင်းစသည့် လုပ်ငန်းတာဝန် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း၊ ကုန်စည် အမှတ်တံဆိပ်နှင့် ပတ်သက်သည့် Trade Mark ဥပဒေကိုလည်းရေးဆွဲနိုင်ရန် စီစဉ်နေကြောင်းသိရှိရသည်။