အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးထားခြင်းမရှိသောနာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန်(NSCN-K) အနေဖြင့် အစိုးရသစ်ကဖိတ်ခေါ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကိုတက်၍ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်မည် မဟုတ်ကြောင်းအဆိုပါအဖွဲ့ကယနေ့ တရားဝင်ထုတ်ပြန်ပြောဆိုသည်။
ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် NSCN-K တို့ ရန်ကုန်မြို့ ရွှေလီလမ်းရှိအမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ယခင် MPC ရုံးဟောင်းတွင် ယနေ့ တွေ့ဆုံဆွေးနွေးအပြီး NSCN-K အဖွဲ့ခေါင်းဆောင် ဦးအန်ကန်း က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးအန်ကန်းက “နိုင်ငံတော်အစိုးရကဖိတ်ခေါ်တဲ့ အတွက် ကျနော်တို့ လာရောက် ဆွေးနွေးတာ ဖြစ်တယ်။ အစိုးရကဖိတ်ခေါ်တဲ့ အတွက်ကျနော်တို့ ကြိုဆိုပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာလည်းကျနော်တို့ လေ့လာသူအဖြစ်ဖြစ်စေသို့မဟုတ်လည်းပါဝင်ပြီးတက်ရောက်မှာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးမှု အပိုင်းမှာတော့ ကျနော်တို့ ပါဝင်မှာမဟုတ်ပါဘူး”ဟုပြောသည်။
အစိုးရက ၎င်းတို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကိုတက်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့်အပေါ် ကြိုဆိုသော်လည်းအဆိုပါ ညီလာခံကိုတော့ လေ့လာသူအဖြစ်နှင့်သာတက်ရောက်ဖြစ်ဖွယ်ရှိကြောင်း NSCN-K အဖွဲ့ ခေါင်းဆောင် ဦးအန်ကန်းက ပြောဆိုသည်။
ယနေ့ဆွေးနွေးပွဲတွင် အစိုးရက ၎င်းတို့လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတက်ရောက်နိုင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြသည်ဟုအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီအတွင်းရေးမှူးဦးလှမောင်ရွှေ က ပြောသည်။
ဦးလှမောင်ရွှေ က “အဓိက က ကော်မတီဘက်ကတော့ ညီလာခံကိုတက်ရောက်နိုင်ဖို့အတွက် ဖိတ်ကြားတယ်။ ရှင်းလင်းတင်ပြတာပေါ့”ဟုသတင်းထောက်များကိုပြောဆိုသည်။
NSCN-K ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလေ့လာသူအဖြစ်နှင့်သာတက်ရောက်၍ နိုင်ငံရေးဆွေးနွေးမှုမပြုဟုပြောဆိုခြင်းသည် အစိုးရနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ထိုးရန် အစီအစဉ် မရှိသေးသည့် သဘောကို ပြသလိုက်ရာရောက်သည်။
“ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကျနော်တို့(NCA) လက်မှတ်ထိုးမယ်၊ မထိုးမယ်ဆိုတာကျနော် တဦးတယောက်တည်းအနေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကျနော်တို့ပါတီရဲ့ စည်းမျဉ်းစည်းကမ်းဖြစ်တဲ့အတွက် ဒီကလူကြီးများနဲ့ ဆွေးနွေးခဲ့ကြတာတွေကို ရုံးမှာ ပြန်ပြီး ပြန်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ ဆွေးနွေးဆုံးဖြတ်ပြီးမှ ရှေ့ခရီးစဉ်ကိုသွားရမှာဖြစ်တယ်” ဟုဦးအန်ကန်းက ဆက်ပြောသည်။
NCA လက်မှတ် ထိုးဖြစ်၊ မထိုးဖြစ် မသေချာသေးသည့် အခြေအနေတွင် ရှိနေသေးသော်လည်းလမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးအားနည်းနေသည့် နာဂဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းနှင့် တည်ငြိမ်အေးချမ်းမှု ရရှိအောင် အဓိကထားပြီးဆောင်ရွက်သွားမည်ဟု၎င်းက ဆိုသည်။
NSCN-K အဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဧပြီလတွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီးအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ်တက်ရောက်ခဲ့သည်။ အစိုးရသစ်နှင့် NSCN-K တို့အကြားယနေ့တွေ့ဆုံမှုသည်ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။
“ကျနော်တို့ကတော့ အရင်တုန်းကလည်းပါဝင်လာတယ်။ တက်လာတဲ့ အစိုးရနဲ့လည်းကျနော်တို့ကဆွေးနွေးတိုင်ပင်မယ်။ ဒါပေမယ့် ကျနော်တို့ စာချုပ်ချုပ်တာ၊ လက်မှတ်ထိုးတာ၊ မထိုးတာတပိုင်းဖြစ်ပါတယ်။ အခုတက်လာတဲ့ အစိုးရနဲ့လည်းအရင်အစိုးရနဲ့ ဆောင်ရွက်ခဲ့သလိုကျနော်တို့ကဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုဦးအန်ကန်းက ပြောသည်။
နာဂဒေသသည် ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိခဲ့ပြီး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးမှုပိုင်းများတွင်လည်းနိမ့်ကျနေခဲ့ကြောင်းဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင်ဒေသတွင်းကူးသန်းသွားလာရေးအတွက် လမ်းပန်းဆက်သွယ်ရေးများရှိလာကြောင်း၊အစိုးရသစ်နှင့်လည်းဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းသွားမည်ဟုဦးအန်ကန်းကဆက်လက် ပြောဆိုသည်။
NSCN-K သည် မြန်မာ့ တပ်မတော်နှင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုမရှိသည့်အပြင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်းမဟာမိတ် ပြုလုပ်ထားခြင်းမရှိသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည်။
NSCN-K အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိလဟယ်၊ လေရှီး၊ နန်းယွန်းဒေသများနှင့် အိန္ဒိယအရှေ့ မြောက်ပိုင်း ပြည်နယ်များတွင် တပ်စခန်းများရှိကြောင်းသိရပြီးအန္ဒိယ-မြန်မာ နှစ်နိုင်ငံတွင် နေထိုင်သည့် နာဂလူမျိုးများအတွက် လက်နက်ကိုင်လှုပ်ရှားနေခြင်းဖြစ်ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရရှိချန်ဒယ်ခရိုင်တွင် ၂၀၁၅ ဇွန် ၄ ရက်နေ့ကအိန္ဒိယစစ်တပ်ယာဉ်တန်းကိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကNSCN-K ကိုအကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ကြေညာထားသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) ကို ၁၉၈၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကစတင်တည်ထောင်ခဲ့ပြီး၁၉၈၈ တွင် နှစ်ဖွဲ့ ကွဲသွားပြီးKhaplangဦးဆောင်သည့် အဖွဲ့ကို NSCN-K ဟုခေါ်ပြီးIsakChishiSwu နှင့် ThuingalengMuivahတို့ ပူးတွဲဦးဆောင်သည့် အဖွဲ့ကို NSCN-IM ခေါ်ပြီးအိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် လှုပ်ရှားကြကြောင်း၊ယနေ့အစိုးရသစ်နှင့်ဆွေးနွေးခဲ့သည့် NSCN-K သည် မြန်မာနိုင်ငံဘက်အခြမ်းတွင် လှုပ်ရှားပြီးNSCN-IM သည် အိန္ဒိယနယ်စပ်တွင် လှုပ်ရှားကြောင်းသိရှိရသည်။