သတင်း

မန္တလေးတွင် ကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိဖမ်းမိဆေးဝါးများ မီးရှို့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင်အတွင်းရှိဆေးဆိုင်၉၀ကျော်ကို မေလအတွင်းကစစ်ဆေး၍ သိမ်းဆည်းရမိသောကျပ်သိန်း၅၁၅၀ကျော် တန်ဖိုးရှိသက်တမ်းလွန် ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ သောက်သုံးရန် မသင့်သောဆေးများကို ပုသိမ်ကြီးမြို့နယ်ရှိအေးရိပ်ငြိမ်းသုဿာန်တွင် ဇူလိုင် ၂ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ သောက်သုံးရန်မသင့်သောဆေးများအားအလွယ် တကူစွန့်ပစ်ပါကမသမာသူများမှ အဆိုပါ စွန့်ပစ်ထားသောပစ္စည်းများအား ပြန်လည်ကောက်ယူ၍ အဟောင်းဈေးကွက် ဖန်တီးကာသက်တမ်းအတုကပ်၍ ရောင်းချမှု ဈေးကွက် ဖြစ်ပေါ်လာနိုင်သဖြင့် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးရခြင်းဟု မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဆရာဝန်ကြီးဒေါက်တာ ဝင်းနိုင်ကပြောသည်။

ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းသည် ယခုနှစ်အတွင်းဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီးပထမအကြိမ် မီးရှို့ဖျက်ဆီးခြင်းကိုဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ရာဆေးကုမ္ဗဏီနှစ်ခုနှင့် ဆေးဆိုင်၂၃ဆိုင် ပူးပေါင်း ပါဝင် ခဲ့ရာတန်ဖိုးကျပ်သိန်းတစ်ထောင်တစ်ရာကျော် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယခုဒုတိယအကြိမ် မီးရှို့ဖျက်ဆီးမှုတွင် ဆေးကုမ္မဏီ ၅ ခုနှင့် ဆေးဆိုင်၂၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ပြီးတန်ဖိုးကျပ်သိန်းငါးထောင်ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟုသိရသည်။

“နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ သိမ်းဆည်းရမိတာပိုများပါတယ်၊ မှတ်ပုံမတင် ထားတဲ့ ဆေးတွေထဲမှာထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံထုတ် ဆေးတွေ ပိုများတယ်၊ သိမ်းဆည်းရမိတာရှိသလိုဖျက်ဆီးမယ့် နေ့သိလို့ အနီးကပ် ဆေးတွေ လာပေးတဲ့ ဆေးဆိုင်တွေလည်းရှိပါတယ်၊ အရင်ထက်စာရင် တော်တော်များများ ပူးပေါင်းပါဝင်လာပါတယ်” ဟုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးညွန်ကြားရေးမှူး ဒေါက်တာဇင်ဇင်နွယ်ကပြောသည်။

သက်ဆိုင်ရာက မန္တလေးတိုင်းဒေသကြီးအတွင်းရှိဆေးဆိုင်များနှင့်ဈေးများကိုလိုက်လံစစ်ဆေးရာသက်တမ်းလွန် ဆေးဝါးများနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များကိုတွေ့ရှိရသဖြင့် သိမ်းဆည်းခြင်း၊ ဆိုင်ရှင်များကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းခြင်းများ ပြုလုပ်၍ သိမ်းဆည်းရမိသည့် သက်တမ်းလွန်ဆေးဝါးများ၊စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများကိုယခုကဲ့သို့ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းသိရသည်။

“နယ်စပ်ဖြတ် သယ်လာချိန်မှာသိုလှောင်ထိန်းသိမ်းမှုစနစ် မကောင်းဘဲသယ်လာခဲ့တဲ့အတွက် ပြည်တွင်းကိုရောက်တဲ့အချိန်မှာအာနိသင်ကနိမ့်ကျသွားပြီ၊ သုံးစွဲဖို့ မသင့်တဲ့ ဆေးဝါးအဖြစ် ပြောင်းလဲသွားလို့ သိမ်းဆည်းမှုတွေ လုပ်ရတာပါ၊ ဒါကိုအားလုံးနားလည်ပြီး ပူးပေါင်းပါဝင်စေချင်ပါတယ်” ဟုအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးညွန်ကြားရေးမှူး ဒေါက်တာဇင်ဇင်နွယ်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆိုးဆေးကင်းစင်ရေးလှုပ်ရှားမှုဆောင် ရွက်ရာတွင် ယခုနှစ်မေလအတွင်းက ဈေးချိုတော်အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေး၁၃ဈေးရှိ ဈေးသူ၊ဈေးသားများကို သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ ဆိုးဆေးများ၏ ဘေးအန္တရာယ် များအကြောင်းအသိပညာပေးဟောပြောပွဲများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

“ဈေးကွက်အတွင်းမှာသက်တမ်းလွန်ဆေးဝါးတွေ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးတွေ၊ သောက်သုံးရန် မသင့်တဲ့ ဆေးတွေ မရှိစေဖို့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၉) ဒေါက်တာသွင်ကျော်ကျော်ကပြောသည်။

ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဦးရဲလွင်၊ ပြည့်သူကျန်းမာရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး တိုင်းဆရာဝန်ကြီးဒေါက်တာ ဝင်းနိုင်၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးညွန်ကြားရေးမှူး ဒေါက်တာဇင်ဇင်နွယ်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading