ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ဆင်တဲမြောက်ပိုင်း ၁ ရပ်ကွက် ရွာလယ်လမ်း ဦးစိုးသန်း၏ နေအိမ်တွင် ငှားရမ်းပြီး ဆေးခန်းဖွင့်ထားသူကို ဇူလိုင် ၃ ရက်နေ့ ညနေ ၃နာရီခန့် သက်ဆိုင်ရာက သွားရောက်စစ်ဆေးရာ ဆရာဝန်ဖြစ်ကြောင်း အထောက်အထား တစုံတရာ ပြသနိုင်ခြင်းမရှှိဘဲ ဆေးခန်းဖွင့် လှစ်ကုသလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါ ဆရာဝန်အယောင်ဆောင်၍ ဆေးခန်းဖွှင့်ထားသူမှာ ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်နေ ရန်နိုင်လင်း(ခ)အရှရတ် ဆိုသူဖြစ်ပြီး ပန်းတောင်မြို့မရဲစခန်းတွင် (ပ)၂၀၈/၂၀၁၆၊၂၀၁၅ ခုနှစ် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ ၅၈ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။
“မနေ့က ၃ နာရီလောက်မှာသွားဖမ်းတာ။ ဆေးခန်းဖွင့်တာ ၃ ရက်ပဲရှိသေးတယ်။ ဒီမှာမဖွင့်ခင် ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်မှာလည်း ဆေးခန်းဖွင့်ခဲ့သေးတယ်။ ဆေးပညာနဲ့ပတ်သက်ရင် ဘာလက်မှတ်မှမရှိဘူး။ ဆေးခန်းတခုမှာ အလုပ်လုပ်ခဲ့ဘူးတာပဲရှိတယ ်ရမ်းကုပေါ့။ အခု ပန်းတောင်းအချုပ်ခန်းမှာပဲ ထိန်းသိမ်းထားတယ်။”ဟု ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။