အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား နိုင်ငံရေး ဆွေးနွေးနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ သော်လည်း ရှေ့တန်းစစ်မြေပြင်တွင် တပ်မတော်နှင့် KIA စစ်ရေး အခြေအနေ တင်းမာနေကြောင်း သိရှိရသည်။
ဇူလိုင်လ ၂ ရက်မှစတင်ပြီး ယနေ့အထိ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ကျေးရွာအနီးတွင် တပ်မတော်နှင့် KIA တပ်ဖွဲ့များကြား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရမည့် အနေအထားရှိနေသည်ဟု KIA ၏ ဒုဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီ ကို ပြောသည်။
“သူတို့ဘက်က တပ်အင်အားတွေ အများကြီးတိုးချဲ့ပြီး စစ်ရေးပြင်နေတယ်။ အခုက စစ်ရေးတင်းမာနေတယ်လို့ ပြောလို့ရ တယ်။ ကျနော်တို့ဘက်ကလည်း သတိအနေအထားနဲ့ စောင့်ကြည့်နေတယ်”ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က နန့်ဆန်ယန် ကျေးရွာအနီး ရိက္ခာစုပုံနိုင်ရေးအတွက် တပ်မတော်က ရှင်းလင်းနေစဉ် KIA ဘက် က ၎င်းတို့ကို ရီမုမိုင်း(အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲသည့်မိုင်း အမျိုးအစား) ၆ လုံးဖောက်ခွဲကာ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် တပ်မတော်သား တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဇူလိုင် ၂ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။
ထိုမိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နမ့်ဆန်ယန်အနီး တပ်မတော်နှင့် KIA ကြား စစ်ရေးအခြေအနေ တင်းမာလာခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး နော်ဘူက “တပ်မတော်ကနေ KIA က မိုင်းခွဲတယ် ဆိုတဲ့ ထုတ်ပြန်ချက်က စွပ်စွဲချက် သက်သက်ပါ။ တိုက်ပွဲ နယ်မြေမှာတော့ ရန်သူကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ကြ ပါတယ်”ဟု ပြောဆိုသည်။
တပ်မတော်ဘက်က KIA တပ်စခန်းများရှိရာသို့ လာရာတွင် ကာမိုင်း ပေါက်ကွဲမှုများဖြစ်ပွားပြီး တပ်မတော် တပ်ဖွဲ့များ အချင်းချင်း တိုက်ပွဲဖြစ်သည်ဟု အထင်မှား၍ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်သည်ဟု KIA မှ သတင်းရထား ကြောင်း၊ KIA ရှေ့တန်းများအနေဖြင့် တပ်မတော်ကိုပစ်ခတ်မှု လုံးဝမပြုလုပ်ခဲ့ကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူက ငြင်းဆို သည်။
KIA ဗဟိုဌာနချုပ်က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသဖြင့် ထိုးစစ်ဆင်ခြင်း မပြုလုပ်ကြရန်နှင့် မိမိတို့၏ တပ်စခန်း များကို တိုက်ခိုက်လာမှသာ ပြန်လည်တိုက်ခိုက်ကြရန် ရှေ့တန်း တပ်စခန်းများသို့ မှာကြားထားသည်ဟု ၎င်းက ဆက်ပြော သည်။
သို့သော် တပ်မတော်ဘက်က ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက် မှ စတင်၍ KIA စစ်ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁ ရက် ည ၈ နာရီ နှင့် ၉ နာရီ ကြားတွင် တပ်မတော်က လိုင်ဇာမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် တောင်ကုန်းတခုပေါ်မှ လိုင်ဇာမြို့ဘက်သို့ ဦးတည်ပြီး ၈၁ မမ လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ်ခဲ့သည်ဟု လည်း KIA ဘက်က ပြောဆိုသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်သို့ မေးမြန်းရန် မီဒီယာများအား ဖြေကြားပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်း သို့ ဧရာဝတီက ဆက်သွယ်ခဲ့ရာ အစည်းအဝေး တက်ရောက်နေသဖြင့် မေးမြန်းခွင့် မရရှိပါ။
အလားတူ ဇူလိုင်လ ၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) အနီးတွင် တာဝန် လဲလှယ် ရန် သွားနေသည့် တပ်မတော်စစ်ကြောင်းကို KIA က ရီမုမိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ သဖြင့် အရာရှိတချို့နှင့် စစ်သည်တချို့ မိုင်းထိပြီး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က ဇူလိုင် ၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း KIA မှ တပ်မတော် စစ်ကြောင်း များကို ခြုံခိုတိုက်ခိုက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မိုင်းထောင်ခြင်းများဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိရန် ပြုလုပ်နေသည် ဟုလည်း ပြောဆိုထားသည်။
KIA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။
လက်ရှိအချိန်တွင် KIA သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေး ကိစ္စများ ဆွေးနွေးရန် ဖိတ်ခေါ်ထားသဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် အစိုးရနှင့် ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။