ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ် တခုဖြစ်သည့် ထီးခီးဂိတ်ပြဿနာ ဖြစ်ပွားပြီးနောက် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) ဒုဥက္ကဋ္ဌ (၁) ဗိုလ်မှူးကြီး စောမူကယ် နုတ်ထွက်သွားကြောင်း သိရသည်။
မြိတ် – ထားဝယ်ခရိုင် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ၏ စစ်ဆင်ရေးမှူးလည်းဖြစ်သည့် ဗိုလ်မှူးကြီး စောမူကယ် သည် တပ်မတော်က KNU ၏ ထီးခီး အကောက်ခွန်ဂိတ် ပိတ်ခိုင်းမှုဖြစ်ပွားပြီးနောက် ဇွန်လ ၃၀ ရက်တွင် နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်း၏ နုတ်ထွက်ရန် တောင်းဆိုစာတွင် တွေ့ရှိရသည်။
အဆိုပါ နုတ်ထွက်စာတွင် “တရားဝင်ဖွဲ့စည်းထားသော JMC-S အနေဖြင့်လည်း ပြဿနာ တစုံတရာဖြစ်ပေါ်လာပါက ပါဝင် ဖြေရှင်းပေးမည့် ယန္တရားအဖြစ် အသုံးမပြုသည့်အတွက် အဆိုပါကော်မတီ၌ ကျနော့်အနေဖြင့် ပါဝင်နေခြင်းသည်လည်း နှစ်ဘက်စလုံးအတွက် အကျိုးဖြစ်ထွန်းလာရန် အကြောင်းမရှိဟု ယုံကြည်ပါသဖြင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်”ဟု ပါရှိသည်။
ထီးခီး နယ်စပ် ကုန်သွယ်ရေးဂိတ်တွင် ဖွင့်လှစ်ထားသော KNU ၏ အကောက်ခွန်ဂိတ်ကို ဇွန်လ ၂၁ ရက်က ယင်းဒေသ အခြေစိုက် တပ်မတော် ထီးထနည်းဗျူဟာမှူး ရောက်ရှိလာပြီး အောက်ခြေဂိတ် တာဝန်ကျသူများကို ၃ ရက်အတွင်း ပိတ် သိမ်းရန် အမိန့်ပေးခဲ့သဖြင့် KNU ၏ တပ်မဟာ ၄ တပ်ဖွဲ့ဝင်များနှင့် မြိတ်-ထားဝယ် ရှိ KNU အဖွဲ့ဝင်များ စိတ် အနှောင့် အယှက် ဖြစ်ခဲ့ကြရကြောင်းလည်း နုတ်ထွက်စာ၌ ထည့်သွင်း ဖော်ပြထားသည်။
ယင်းအခြေအနေ ဖြစ်ပွားခဲ့သော်လည်း ၎င်းအနေဖြင့် ရရှိထားသော ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိခိုက်မည် စိုးရိမ်သဖြင့် မိမိ တပ်ဖွဲ့ဝင်များ ဘက်မှ အမှားအယွင်း တစုံတရာမဖြစ်ပွားစေရေးကို အထူးသတိပြု ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းအနေဖြင့် JMC-S တွင် ဒုဥက္ကဋ္ဌ (၁) တာဝန် ထမ်းဆောင်နေခြင်းအစား မိမိတပ်ဖွဲ့များကို အချိန်ပေးပြီး အနီး ကပ် စောင့်ကြပ်ကွပ်ကဲ၍ နေထိုင်သည်က ပိုမိုသင့်လျော်သည်ဟု ယူဆသဖြင့် နုတ်ထွက်စာ တင်ရခြင်းဖြစ်သည်ဟု ဆို သည်။
ထီးခီး KNU အကောက်ခွန်ဂိတ် ပိတ်ခိုင်းမှုနှင့်ပတ်သက်ပြီး နှစ်ဘက်ဆွေးနွေး၍ ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း သတင်း တချို့က ရေးသား ဖော်ပြနေကြသော်လည်း စာရွက်ပေါ်က နားလည်မှု အခြေအနေတရပ် အဆင့်သာရှိပြီး နှစ်ဘက်တပ် များကြား ဆွေးနွေး၍ ပြေလည်သည့် အခြေအနေမျိုး မဟုတ်သေးကြောင်း ဒေသခံ ကုန်သည်တဦးက ပြောသည်။
ထို့အပြင် မြေပြင်တွင် အကောက်ဂိတ်ပိတ်ခိုင်း လိုက်သည့် နေ့မှစ၍ တပ်မတော်နှင့် KNU/KNLA တပ်များကြား စစ်ရေး သတိ ပုံစံဖြင့် ဇူလိုင် ၄ ရက်အထိ ရှိနေဆဲ ဖြစ်ကြောင်း၊ ထီးခီးဂိတ်တွင်လည်း ကုန်ဝင်၊ ကုန်ထွက် တုန့်နှေးသွားကြောင်း လည်း ဆိုသည်။
ထီးခီးဂိတ်သည် ယခင်က KNU တပ်မဟာ(၄) ၏ ဌာနချုပ် အခြေစိုက်ရာနေရာဖြစ်သည်။ ၂၀၁၃ ခုနှစ် မေလတွင် တရား ဝင် ဖွင့်လှစ်ခဲ့ပြီး KNU နှင့် အစိုးရ တပ်မတော်တို့ နှစ်ဘက်လုံး ထိန်းချုပ်မှုရှိနေသည့် နေရာဖြစ်သည်။
ထိုဂိတ်မှတဆင့် ဂက်စ်၊ စက်သုံးဆီ အပါအဝင် နှစ်နိုင်ငံ သွင်းကုန်၊ ထုတ်ကုန်များ ကုန်သွယ်မှု ရှိလာသည့် နေရာလည်း ဖြစ်ပြီး တနင်္သာရီတိုင်းမှ ရေထွက်ကုန်များနှင့် ခရီးသွားလာရေးအတွက် ထိုင်းနိုင်ငံဘက်သို့ စရိတ် သက်သာစွာဖြင့် အချိန် တို အတွင်း ပို့ဆောင်နိုင်သည့် နေရာလည်း ဖြစ်သည်။
KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ နေ့တွင် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အခြား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး လက်မှတ် ထိုးခဲ့သည့် အဖွဲ့ ၈ ဖွဲ့အနက် တပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံး အဖွဲ့လည်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဆဲ ကာလနှင့် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းအထိ KNU ခေါင်းဆောင်များနှင့် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကြား ၅ ကြိမ်ထက်မနည်း ရင်းနှီးသည့် တွေ့ဆုံမှုများ ရှိထားသည်။